ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ စုစည်းတင်ဆက်မှု...


ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ
စုစည်းတင်ဆက်မှု

ကျနော်တို့မြန်မာပြည်အရေးဟာ
မြန်မာပြည်သူပြည်သားတွေ၊
ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့
လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်
အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့
ကျနော်ယုံကြည်တယ်။
သြဂုတ်လ ၁၉၄၅ 
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကို
ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့
ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။
( ၂၀ . ၁၀ . ၁၉၄၆ )
ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီး
ထိုင်နေ၍မဖြစ်သကဲ့သို့ ဗမာ့သေရေးရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်း
မကျေနပ်မှု အသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။
( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်း

တိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊ အခြားလူမျိုးများကိုလည်း
ငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲ
လိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။
( ၁၈ . ၁၁ . ၁၉၄၅ ) 
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ
( ဧပြီ ၁၉၄၇ နတ်မောက် )
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ
တော်လှန်ရေးလို့ ယူဆနေကြတယ်။
ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့
တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့
နှစ်မျိုးရှိတယ်။
( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )


လူတွေကတင်မြှောက်ပြီး
လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင်
ဒီမိုကရေစီ ဖြစ်နိုင်မယ်။
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး … 
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊
အဲ့ဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်
လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်
ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာ
ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။
ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။
အဲ့ဒါ အင်မတန်အရေးကြီးတယ်။


ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။
ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရမယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။
ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။
ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာ လုပ်ချင်တယ်။
ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။
တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး
မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်
အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲ
ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။
ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို
မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင်
လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်
ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။
ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာ
ကျနော်တို့ ရည်ရွယ်ရမယ်။
( ၁၉၄၅ သြဂုတ်လ )


ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။
ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။
ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။
နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။
ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။
ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချတုံ
ဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီး
အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။
ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြား
လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။
လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )


ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာ
တော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့
တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။
( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊
ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။
ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ
ခင်ဗျားတို့ နားလည်စေချင်တယ်။


ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်
ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊
အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီး
လုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်
ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။


ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့
စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့
ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့
ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို
ခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက
ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကို
ပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။
( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း )

စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်
၎.ဇူလိုင်လ. ၂၀၁၀
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..နောင်လည်းအခုလိုလာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ကျွန်တော်လည်း ပညာရှင်တစ်ယောက်မဟုတ်တော့ အမှားပါရင် ခွင့်လွှတ်ပေးပါ။အလကားပေးချင်ယုံ သက်သက်ပါ။အချိန်လေးများရရင် ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။ ကျွန်တော်ရဲ့ အခြားဆိုဒ်လေးကို လေ့လာချင်ရင်


Nawhkiocity{ ဒီမှာ } သွားလိုက်ပါ
Powered by Blogger.