တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း - ၂၇ ၊၂၈၊၂၉ ၊၃၀၊


တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း - ၂၇ ၊၂၈၊၂၉ ၊၃၀၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်း(၂၇)

မြစ်ကြီးနားထောင်တွင် ဆရာတော်ဦးဝီရသူသည် အကျဉ်းကျနေသော မွတ်စလင်သုံးဦးနှင့် တွေ့ခဲ့ရသည်။ သူတို့ သုံးဦးသည် ဦးပဉ္ဇင်းအတွက် မှတ်မှတ်ရရ ဖြစ်ခဲ့သည်ဟု သူကဆိုသည်။ ပထမတစ်ဦးမှာ လူချမ်းသာ လူငယ်တစ်ဦးဖြစ်သည်။ ပုဂ္ဂလိက ဆေးရုံနှင့် အထည်ချုပ်စက်ရုံများ ပိုင်ဆိုင်သည်ဟု ဦးဝီရသူ က ဆိုသည်။

ထိုသူသည် မိန်းကလေးတစ်ဦးကို လက်ထပ်ပြီး နှိပ်စက်ခြင်း၊ တိုက်ခန်းအတွင်း သော့ခတ်ထားခြင်း၊ မိန်းကလေးက သူ့အိမ်မှ ထွက်ပြေးသွားသောအခါ ပစ္စည်းများ ခိုးယူသွားသည့်ပုံစံ ဖန်တီးကာ ခြိမ်းခြောက်ခြင်းစသည့် လုပ်ရပ်များကြောင့် မန္တလေးသံဃာထုက တိုင်တန်းခြင်းပြုခဲ့ရာမှ ထောင်ကျခဲ့သူ ဖြစ်သည်ဟု ဆရာတော်ဦးဝီရသူက ဆိုသည်။

ဦးပဉ္ဇင်းက သူ့အကြောင်း မန္တလေးထောင်ထဲတွင် နေစဉ်ကတည်းက ကြားဖူးပြီးသားဖြစ်သည်။ ထိုသူ့အကြောင်းရေးထားသည့် စာများကိုလည်း ဖတ်ထားဖူးသည်။ ဦးပဉ္ဇင်းသည် မန္တလေးထောင်မှ မြစ်ကြီးနားထောင် သို့ ပြောင်းရွေ့မည်ဆိုသောအခါ  '' သူက ဦးဇင်းမြစ်ကြီးနား(ထောင်) ကို လာတော့ ကြောက်နေတယ် ''  ဟု ဦးဝီရသူက ဆိုသည်။

သို့သော် ဦးပဉ္ဇင်းက ထောင်ထဲတွင် မူဝါဒတစ်ခုထားသည်။ ယင်းမှာ ထောင်ထဲ သို့ အကျဉ်းသားအဖြစ် ရောက်လာသူ မည်သူမဆို အားလုံးသင့်မြတ်အောင် ပေါင်းသင်းရမည်၊ ညီညွတ်ရမည် ဆိုသည့် မူဝါဒပင်ဖြစ်သည်။ သို့မှသာလျှင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို အနိုင်မကျင့်၊ မနှိပ်စက်မှာ ဟု ဦးဝီရသူက ဆိုသည်။

'' ဦးဇင်းက သူထင်သလို မဟုတ်တဲ့အခါမှာ ဦးဇင်းကိုလေးစားတယ်။ တွေ့တိုင်း လက်အုပ်ချီပြီး နူတ်ဆက်တယ်။ နောက်ပိုင်း ထောင်ဝင်စာ သွားတွေ့တဲ့အခါ အထုပ်ဆွဲပေးတာတို့ လုပ်ပေးတယ်။ အဲဒီလောက်ထိကို ဖြစ်သွားတာ''  ဟု မြစ်ကြီးနားထောင်ထဲတွင်သူအမှတ်တရ ဖြစ်ခဲ့သည့် မွတ်စလင်တစ်ဦး၏ အကြောင်းကို ဦးဝီရသူ က ပြန်ပြောသည်။

ထိုသူသည် မြစ်ကြီးနားထောင်မှ လွတ်မြောက်သွားသည့်တိုင် ဦးပဉ္ဇင်းနှင့် အဆက်အသွယ်ရှိသည်။ ဦးပဉ္ဇင်း သြ၀ါဒကို လိုက်နာသည်ဟု ဦးဝီရသူက ဆိုသည်။                    

နောက်တစ်ဦးမှာ သာကေတမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်မြင့်ဆိုသည့် မွတ်စလင်တစ်ဦးဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်တပ်က သံဃာတော်များအား ဆဲဆိုရိုက်နှက်သည်ကို မကျေနပ်ပြီး စစ်တပ်ကိုပြန်ဆဲရာမှ ထောင်ကျခဲ့သူ ဖြစ်သည်ဟု ဆရာတော်က မိန့်ဆိုသည်။
မြစ်ကြီးနားအကျဉ်းထောင်တွင် ဦးအောင်မြင့်သည် ဆရာတော်ဦးဝီရသူနှင့် စားအိုးတွဲဖြစ်သည်။

ဆရာတော်သောက်ဖို့အတွက် သူကချက်ပြုတ်ပေးသည်။ ရေနွေးကျိုပေးသည်။ ဆရာတော်၏ ဝေယျာဝစ္စအလုပ်တွေကို လုပ်ပေးသည်။ သူနှင့်ဆရာတော်မှာ အခန်းချင်းကပ်လျှက် နေခဲ့ရခြင်းဖြစ်သည်။ ဦးအောင်မြင့်မှာ ဆရာတော်ဦးဝီရသူထက် အရင်စောကာ မြစ်ကြီးနားထောင်မှ လွတ်မြောက်သွားသူ ဖြစ်သည်။ '' သူက အရင်လွတ်သွားတော့ ညည ကျုပ် ပရိတ်ရွတ်တိုင်း သူ့အခန်းလေးကို ကြည့်ပြီး လွမ်းလွမ်းနေတယ် '' ဟုဦးအောင်မြင့် ထောင်က လွတ်သွားပြီးသည့်နောက် သူခံစားခဲ့ရပုံကို ဦးဝီရသူက ဆိုသည်။

တတိယမြောက်တစ်ဦးမှာ နယ်စပ်ဒေသ လူဝင်မူ့စစ်ဆေးရေးကွပ်ကဲမူဌာနချုပ်(န.စ.က) မှ အရာရှိတစ်ဦးဖြစ်သည်။ ထောက်လှမ်းရေးများနှင့် အတူ ထောင်ကျလာသူဖြစ်သည်။ မူဆယ်ဘက်မှ ဖြစ်၏။ ဦးပဉ္ဇင်းက သူ့ကိုမာမူကြီးဟုခေါ်သည်။ သူ၏အမည်က ဦးခင်ဝင်း။ မွတ်စလင်တစ်ဦးဖြစ်သည်။
မြစ်ကြီးနားထောင်ထဲတွင် သူနှင့် ဦးပဉ္ဇင်းပေါင်းကာ စာကြည့်တိုက်လေးတစ်ခု ထောင်ကြသည်။

 ဦးပဉ္ဇင်းနှင့် သူက ကဗျာအကြောင်း၊ စာပေအကြောင်း နှင့် နိုင်ငံရေးအကြောင်း ဆွေးနွေးဖော်၊ ဆွေးနွေးဖက်ဖြစ်သည်။ သူသည် ဦးပဉ္ဇင်းနေသည့် အကျဉ်းဆောင်တွင် နေရခြင်း မဟုတ်ဘဲ ရိုးရိုးအကျဉ်းသားများနေသည့် အဆောင်တွင် နေရခြင်းဖြစ်သည်။

ဦးခင်ဝင်းသည် စာကြည့်တိုက်မှ စာအုပ်များကိုယူကာ အကျဉ်းသားများထံ လိုက်လံငှားပေးသည်။ ဖတ်ပြီးသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်းသည်။ ဘာသာရေးနှင့်ပတ်သက်သည့် မဂ္ဂဇင်းစာအုပ်များကိုလည်း အကျဉ်းသားများ ဖတ်ရူ့နိုင်စေရန် ကိုးကွယ်သည့် ဘာသာအလိုက် လိုက်လံငှားရမ်းပေးသည်။ ဦးပဉ္ဇင်းကစာအုပ်များ ၀ယ်ယူဖြည့်ဆည်းပေးသည်။

စာအုပ်အငှားများပြီး အကျဉ်းသားများ စာဖတ်နေလျှင် သူပျော်နေတတ်သည် ဟု ဦးဝီရသူက ဆိုသည်။

ဦးခင်ဝင်းသည် ဦးပဉ္ဇင်းကိုတွေ့လျှင် လက်အုပ်လေးချီကာ '' အရှင်ဘုရား''  ဟု နူတ်ဆက်သလို ဦးပဉ္ဇင်းကလည်း '' ဆလံမလေးကွန်း''  ဟုပြောပြီး ပြန်နူတ်ဆက်တတ်သည်။ ဦးပဉ္ဇင်းနှင့် သူ့အကြားတွင် ဘာပြဿနာမှ မရှိခဲ့။

'' အဲဒီ မွတ်စလင်ကျတော့ တအားလေးစားဖို့ ကောင်းတယ်။ အဲဒီလို မွတ်စလင်တွေသာ မြန်မာနိုင်ငံမှာ ရှိရင် ကျုပ်လုံးဝထောင်မကျဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်စလင်တွေသာ ဦးခင်ဝင်းလို မွတ်စလင်မျိုး ဖြစ်ရင် ကျုပ်ထောင်မကျဘူး။

အခု အဲဒီလိုဖြစ်အောင် ကျုပ်ကြိုးစားနေတာ'' ဟု မြစ်ကြီးနားထောင်တွင် တွေ့ဆုံခဲ့ဖူးသော မွတ်စလင်ဦးခင်ဝင်းကို တမ်းတအောက်မေ့ရင်း ဆရာတော်ဦးဝီရသူက သူ့ဆန္ဒကို ဖွင့်ဟသည်။

ဦးခင်ဝင်းကို ဆရာတော်ဦးဝီရသူလေးစားရသည့်အချက်မှာ သူများ ဘာသာတရားကို လေးစားခြင်းကြောင့် ဖြစ်သည်ဟု ဦးဝီရသူက ဆိုသည်။

ဦးပဉ္ဇင်းသည် ထောင်ထဲတွသ် သင်္ကန်းစည်းရသည်မဟုတ်။ ထို့ကြောင့် တချို့ က ခင်ဗျားနှင့် ကျွန်တော်ပြောကြသည်။ သို့သော် ဦးခင်ဝင်းက အရှင်ဘုရား၊ တပည့်တော် စသည့် အသုံးအနူန်းများကိုသာ သုံးနူန်းသည်။ ထို့ကြောင့် ဦးပဉ္ဇင်းကသူ့ကို အပြန်အလှန်လေးစားသမူပြုသည်။ ထောင်ဝင်စာ ပုံမှန်မလာသော ဦးခင်ဝင်းကိုဦးပဉ္ဖင်းက စားသောက်ဖွယ်ရာများ ပေးတတ်သည်။

ဦးပဉ္ဇင်းသည် မြစ်ကြီးနားထောင်တွင် တွေ့ခဲ့သော ထိုမွတ်စလင်သုံးယောက်ကို ထူးထူးခြားခြား အမှတ်ရနေဆဲဖြစ်သည်။ ယနေ့အထိ အဆက်အသွယ်ရှိနေဆဲဖြစ်သည် ဟု ဆို၏။

ဆရာတော်ဦးဝီရသူ မြစ်ကြီးနားအကျဉ်းထောင်တွင် ရှိနေစဉ်က အညတရ သူရဲကောင်းဆု ချီးမြှင့်ခြင်း ခံခဲ့ရသေးသည်။ ထုဆုကု ဂျပန်ရောက် မြန်မာနိုင်ငံသားများက ကမကထပြုကာ ၂၀၁၀ တွင် စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အညတရ သူရဲကောင်းဆုသည် လူသိထင်ရှား မဖြစ်သော်လည်း တိုင်းပြည်နှင့် ဒီမိုကရေစီအရေး လုပ်ဆောင်နေသူများအား ချီးမြှောက်လိုခြင်း၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး ချီးမြှောက်ပေးသည့် ဆုဖြစ်သည်။

ဦးပဉ္ဇင်းသည် ထိုဆုကို ၂၀၁၀ တွင် ရရှိခဲ့ခြင်းဖြစ်၏။ သူထောင်ထဲရောက်နေသဖြင့် ဆုပေးပွဲတွင် သူ့အစား ကိုယ်စားတစ်ဦးတက်ကာ ဆုလက်ခံခဲ့ရသည်။ ဆုအနေဖြင့် ဆုတံဆိပ်တစ်ခုနှင့် ကျပ်ငွေ ၁၀ သိန်း ရရှိခဲ့သည်။

ယင်းဆုရရှိခဲ့ခြင်းမှာ သူရေးသားခဲ့သည့် ကဗျာကြောင့်ဟုဆရာတော်ဦးဝီရသူ က ဆိုသည်။

သူသည် မြစ်ကြီးနားအကျဉ်းထောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် '' အောင်ပွဲဆင်မည့် မေတ္တာရှင် အမေ'' ဟူသော ကဗျာရှည်တစ်ပုဒ်ကို'' မုန်တိုင်းနှင်း'' ဆိုသည့် ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ ထိုကဗျာကြောင့် သာ အညတရာ သူရဲကောင်းဆု ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဦးဝီရသူက ဆိုသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်း(၂၈)

မြစ်ကြီးနားထောင်တွင် ထောင်ဝန်ထမ်းများ၏ စည်းကမ်းတင်းကျပ်ခြင်း၊ ဆဲဆိုရိုက်နှက်ခြင်း စသည်တို့နှင့် ကင်းဝေးခဲ့သော်လည်း ဦးပဉ္ဇင်းသည် နိုင်ငံရေးသမားတချို့၏ အနိုင်ကျင့်ဖို့  ကြိုးစားကြတာကို ခံခဲ့ရသည်ဟု သူ က ဆိုသည်။

ယင်းကိစ္စသည် ဦးပဉ္ဇင်း မြစ်ကြီးနားထောင်သို့ရောက်ပြီး ခြောက်လအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆောင်ပြောင်းရွေ့ရမည့် ကိစ္စမှ စတင်ခဲ့ခြင်း ဖြစ်လေသည်။

မြစ်ကြီးနားထောင်တွင် အဆောင်နှစ်ခုရှိသည်။ အဆောင်သစ်ကို တည်ဆောက်လိုက်ခြင်းကြောင့် အဆောင်သုံးခုဖြစ်လာလေသည်။ ထိုအခါ ဦးပဉ္ဇင်းနေသည့် အဆောင်ကို ဂိုဒေါင်လုပ်မည်ဖြစ်ရာ ယင်းအဆောင်မှ အကျဉ်းသားများအားလုံး ကို အဆောင်သစ် သို့ ပြောင်းရွေ့ရမည် ဖြစ်သည်။

ဦးပဉ္ဇင်းနေသည့်အဆောင်မှလည်း အင်္ဂလိပ်ခေတ်က ဂိုဒေါင်လုပ်ရန် ဆောက်ထားသည့် အဆောက်အအုံ ဖြစ်သည်။ ထိုဂိုဒေါင် အဆောက်အအုံကို အခန်းလေးများဖွဲ့ ကာ အကျဉ်းထောင်အဖြစ် အသုံးပြုနေခြင်း ဖြစ်၏။
အဆောင်သစ်သို့ ပြောင်းရွေ့ရန် အကျဉ်းသားစာရင်း ထွက်လာသည့် အခါတွင် ဦးပဉ္ဇင်း ပါမလာချေ။ အုပ်စုဖွဲ့ ထားသော နိုင်ငံရေးသမားတထချို့ က သူတို့ခေါ်ချင်သည့် သူများကိုသာ ရွေးချယ်ပြီး အဆောင်သစ်သို့ ပြောင်းရန် ပြင်ဆင်ကြသည်။

ဦးပဉ္ဇင်းအပါအ၀င် ထောင်ဝင်စာ ပုံမှန်မလာကြသူများ၊ ပြဿနာ မကြာခဏ ရှာတတ်သူများကို စုပေါင်းပြီး တခြားအဆောင်ဟောင်းတစ်ခု သို့ ပြောင်းရွေ့ ထားရှိရန် စီစဉ်ကြခြင်းဖြစ်သည်။

''သူတို့က အုပ်စုလေးတွေ ဖွဲ့ ထားတာပေါ့လေ။ အဆောင်ထဲမှာ အခန်းရှစ်ခန်းရှိတယ်။ ရှစ်ခန်းစလုံးက လူတွေဟာ သူတို့ရဲ့ လူတွေဖြစ်ရမယ်ပေါ့။ ထောင်ဝင်စာမလာတဲ့သူတွေကို ပိုက်ဆံ ပေးပြီး ပထုတ်တယ်။

 ထောင်ကို ငွေပေးပြီး ဦးဇင်းကို ပထုတ်တယ်'' ဟု အဆောင်သစ်သို့ ပြောင်းရွေ့ရမည့် လူစာရင်းတွင် နိုင်ငံရေးသမားတချို့ က သူတို့ ခေါ်ချင်သည့်သူများကိုသာ ရွေးခေါ်ပြီး သူ့အား တခြားအဆောင် သို့ ပို့ရန် ကြိုးစားခဲ့ပုံကို ဦးဝီရသူ ရှင်းပြသည်။                      

ယင်းအစီအစဉ်ကို ဦးပဉ္ဇင်းမသိအောင် ကြိတ်ကာ ကြံစည်နေကြခြင်း ဖြစ်သည်။ တစ်ရက်တွင် ရေကန်တွင် ဆုတ်ဖြဲထားသော စာရွတ်သေးသေးများကို တွေ့သဖြင့် ဦးပဉ္ဇင်းက ကောက်ကြည့်ရာ အဆောင်သစ်ကိုပြောင်းရွေ့မည့် အစီအစဉ်အား တိုင်ပင်ဆွေးနွေးထားခြင်း ဖြစ်သည် ဟု ဦးဝီရသူက ဆိုသည်။

'' လက်ရေးကို သိတယ်။ အကြောင်းတော့ သိသွားတာပေါ့။ ဦးဇင်းတို့အကြောင်းပါတယ်'' ဟု ရေကန်တွင် တွေ့ခဲ့သည့် စာရွတ်အပိုင်းအစမှာ မည်သူ့ထံမှ ရေးသည့်စာဖြစ်သည်ကို သိရှိသည်ဟု ဦးဝီရသူ က ဆိုသည်။

အဆောင်သစ်သို့ပြောင်းရန် ရွေးခေါ်ခံရသူများတွင် ဦးပဉ္ဇင်းစောင့်ရှောက်ထားသူများပါဝင်သည်။ ယခင်က ထောက်ဖောက်သည့် အမူ့ ဖြစ်ခဲ့သည့်အတွက် မြစ်ကြီးနားထောင်တွင် ပိတ်ပင်ထားသော အခွင့်အရေးများသည် ဦးပဉ္ဇင်းရောက်လာမှ ပြန်ရလာခြင်းများရှိသည်။

ယင်းသို့သော အချက်များကို ထောက်ထား ငဲ့ညှာခြင်းမရှိဘဲ အထက်ပါအတိုင်းလုပ်သဖြင့် ''ပေါက်ကွဲ'' ခဲ့ရသည်ဟု ဦးပဉ္ဇင်းက ဆိုသည်။

''  ကျုပ် တစ်ပါးတည်း ချီးထုပ်တွေနဲ့ နေခဲ့ရမှာ။ တချို့ က ရူးနေတာလေ။ ဟိုမှာ(အဆောင်သစ်) မှာ နားအေးပါးအေး နေရမယ့် နေရာကိုတော့ ဦးဇင်းမပါတော့ဘူး''ဟု  သူက ဆိုသည်။                          

ထိုအခါ ဦးပဉ္ဇင်းသည် တရားစခန်းသို့လည်း တရားပြ မသွားတော့ ထို့ပြင် မနက်ဖြန်လို အဆောင်ပြောင်းရမည် ဆိုသောအခါ ဦးပဉ္ဇင်းသည် ထိုညတွင်ပင် သီချင်းတစ်ပုဒ်ကို ရေးစပ်လိုက်သည်။ ပြီးလျှင် အားလုံးကြားနိုင်ရန် အတွက် အကျဉ်းသားများ အိပ်ချိန်တွင်.............................
'
'ကျော်ကျော်မိုးရေ''  ဟု ဆိုကာ ဦးပဉ္ဇင်းက ထောက်လှမ်းရေး တစ်ဦးကိုလှမ်းခေါ်ကာ အသံပြုလိုက်သည်။

''ဘုရား''  ဟု ကိုကျော်ကျော်မိုးက ပြန်ထူးသောအခါ .............

''ခင်ဗျားတို့ မနက်ဖြန် ပြောင်းရတော့မယ် ဆိုတော့ ခင်ဗျားတို့အတွက် ကျုပ် နူတ်ဆက်သီချင်းဆိုမယ်ဗျာ။ တိုက်ဆိုင်ရင် ခွင့်လွတ်ပါ။ ဦးဇင်းရဲ့ ခံစားချက် ဖြစ်ပါတယ်။'' ဟု

ဆိုကာ စိုင်းထီးဆိုင် သီဆိုထားသည့် ''အချစ်အကျဉ်းထောင်'' ဆိုသည့် သီချင်း သံစဉ်အလိုက် စာသားများပြောင်းကာ ဦးပဉ္ဇင်းကိုယ်တိုင် သီဆိုလေတော့သည်။

စစ်အကျဉ်းထောင်

အကျဉ်းထောင် # # အုတ်တံတိုင်းတွေ အများကြီး ၀န်းရံထားတဲ့ အချုပ်အနှောင်# # # ကိုယ်ဘယ်လို လုပ်ပြီး ရောက်တယ် မမေးနဲ့ မင်းသိတယ် # # # ပိုင်ဆိုင်မူ့စည်းစိမ်အားလုံး စွန့်ရပြီ # # #  အကျဉ်းထောင် လူ့လောက အကြီးမားဆုံး ကပ်ဆိုးကြီး # # # နိုင်းမရအောင် # # # အပါယ်ဘုံ ဖြစ်လိုက် ငရဲပြည် ဖြစ်လိုက်ရူးချင်စရာ # # # ပိုင်ဆိုင်တဲ့ ဦးနှောက်အတွေးအခေါ်များလည်း အလွတ်လပ်ပြီ # # # ကိုယ့်ကိုယ်ကိုယ် ထာဝရ ချုပ်နှောင် စစ်အကျဉ်းထောင် # # #
{ထောင်မှာလေ တန်းစီးတွေရှိတယ် # # #   ထောင်မှာလေ ခွေးဘီးလူးတွေ ရှိတယ်# # # ကြည်ရင် ကြည်သလို ပေးရင် ပေးသလို ရတယ် # # # }

စသဖြင့် ဦးပဉ္ဇင်းက အထက်ပါအတိုင်း သီဆိုလိုက်ရာ ထောင်ဝန်ထမ်း များက ထောင်းမူးထံ သတင်း ပို့လေသည်။ ထိုအခါ ထောင်မူးသည် ဦးပဉ္ဇင်းထံ လာတွေ့သည်။ ထောင်မူးရောက်လာသည့် အခါတွင် ဦးပဉ္ဇင်းက ကြမ်းပြင်တွင် ပက်လက်လန်ကာ အိပ်နေသည်။

 ပြီးလျှင် အခန်းရှေ့ ရောက်လာသော ထောင်းမူးကို လက်ညိုးထိုးကာ
'' ခင်ဗျား ကျုပ်ကို ထိရဲထိကြည့် ။ ကျုပ်ရွေ့မလား၊ ခင်ဗျားတို့ ရွေ့မလား''ဟု ဦးဝီရသူက ပြောလိုက်လေသည်။ ထို့နောက် မှာတော့ အဆောင်ပြောင်းမည့် အစီအစဉ်အားလုံးကို ဖျက်လိုက်လေသည်။

 ''အဲဒီသီချင်း ကောင်းမူ့ကြောင့် ထောင်မူး ကျုပ်ကို မရွေ့ရဲတော့ဘူး။ ရွေ့ရင် ကွိုင်တက်တော့မယ် ဆိုတာ သိတယ်။ သူတို့က ငွေယူထားတာကိုး။ တခြားနိုင်ငံရေး အကျဉ်းသမားတွေ ဆိုရင် မော်ကို မကြည့်ရဲတော့ဘူး'' ဟု သီချင်းဆိုပြီးသည့်နောက် အဆောင်ပြောင်းကြမည့် အစီအစဉ်ကို ပျက်သွားပုံကို ဦးဝီရသူက ဆိုသည်။

ဦးဇာဂနာ မြစ်ကြီးနားထောင်မှ လွတ်မြောက်သွားသည့် နောက်ပိုင်းမှ သာလျှင် အခန်းလွတ်သည်ဟု ဆိုကာ ဦးပဉ္ဇင်းအပါအ၀င် အကျဉ်းသားများကို ဂိုဒေါင်လုပ်မည့် အဆောင်မှ အဆောင်သစ် သို့ အဖွဲ့ လိုက် ပြောင်းရွေ့ပေးလေသည် ဟု သူ က ဆိုသည်။

ယင်း လုပ်ရပ်ကို ဦးပဉ္ဇင်းက''ပြောမယ်ဆိုရင် ကျုပ် တော်လှန်ရေး လုပ်တာပဲ'' ဟု ဆိုပြီး သူကဆက်ပြီး ''နိုင်ငံရေးသမားတွေ နောက်ကျော ဓားနဲ့ထိုးတဲ့ ဒဏ်ရာတွေ ကျုပ်မှာ အပြည့်ပဲ။

မန္တလေးထောင်မှာလည်း အများကြီးပဲ'' ဟု အဆောင်ပြောင်းရွေ့သည့် ကိစ္စနှင့် ပတ်သတ်ပြီး နိုင်ငံရေးသမားတချို့၏ လုပ်ရပ်ကို ဦးပဉ္ဇင်းက ဝေဖန်သည်။

ထောင်ကျခဲ့သည့် ရှစ်နှစ်ကာလအတွင်း ဦးပဉ္ဇင်းသည် သူကိုယ်တိုင် သီချင်းနှစ်ပုဒ် ဆိုခဲ့ဖူးသည်။ ပထမတစ်ပုဒ်က ကိုယ်တိုင်ရေး သားထားသည့်  ''အောင်ဆန်းသွေးဇာနည်'' ဟူသော သီချင်း ဖြစ်သည်။

 ထိုသီချင်းကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်သည့်နေ့က ပျော်လွန်းသဖြင့် သီဆိုခဲ့ခြင်းဖြစ်သည်။ ဒုတိယတစ်ပုဒ်ကတော့  အထက်ပါ စိုင်းထီးဆိုင် သီချင်းကို စာသားပြောင်းကာ ပြန်လည် သီဆိုထားသည့် ''စစ်အကျဉ်းထောင်'' သီချင်းပင် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်း(၂၉ )

ဦးပဉ္ဇင်း သည် ထောင်ကျနေစဉ်ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကို မကြာခဏ ဆိုသလို ကြုံတွေ့ခဲ့ရသည်။ မြစ်ကြီးနားထောင်သို့ ရောက်သည့် အခါတွင်လည်း ထိုကဲ့သို့ပင်။

 ဦးဇာဂနာ တို့ လွတ်စဉ်ကလည်း ကြုံခဲ့ရသည်။ သေဒဏ်အကျဉ်းသားများ သေဒဏ် ကြိုးဖြုတ်စဉ်ကလည်း ကြုံခဲ့ရသည်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတိုင်း ဓာတ်ပုံလာရိုက်သွားတတ်သည်။

ထိုသို့ ဓာတ်ပုံရိုက်ပြီးသွားပြီဆိုလျှင် တချို့က ဦးပဉ္ဇင်းကို ''ဒီတစ်ခါပါလိမ့်မယ်''ဟု ဆိုကာ မှတ်ချက်ပေး ခန့်မှန်းပေးကြသည်။ သို့သော် ဦးပဉ္ဇင်း၏ စိတ်ထဲတွင် မဲလိမ်မဲခိုးပြီး တက်လာသည့် အစိုးရကို အသိအမှတ်မပြု။

ထို့ကြောင့် နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို မမျှော်။တစ်ခါမှလည်း အထုပ်အပိုး မပြင်ထား။

''တချို့ ဆိုရင် ကိုယ်မပါဘူးဆိုရင် ပက်လက်လန်သွားတာ။ မစားနိုင်၊ မသောက်နိုင်တွေ ဖြစ်ကုန်ရော။ တချို့လည်း ပွင့်ပွင့်လင်းလင်း သူခံစားရတာတွေ ပြောတယ်။ တချို့ကျတော် မျိုသိပ်ထားကြတယ်။

 ဦးပဉ္ဇင်းက အဲဒီစာရင်းထဲ မပါဘူး'' ဟု လွတ်ငြိမ်းချမ်းသာခွင့်ကို မမျှော်လင့်တဲ့အတွက် ကိုယ်တကယ်မလွတ်သည့် အခါမှာလည်း မည်သို့မျှ မခံစားရပူံကို ဦးဝီရသူက ရှင်းပြသည်။

၂၀၁၂၊ ဇန်န၀ါရီ ၁၂ ရက် ည ရှစ်နာရီအချိန်တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် သတင်းကို တီဗွီတွင် ကြေညာခဲ့သည်။ ထိုသတင်းကို တခြားသော အကျဉ်းသားများကြားနိုင်စေရန် ဦးပဉ္ဇင်းက သူ့အခန်းရှိ တီဗွီကို အသံအကျယ်ကြီး ဖွင့်ကာထားသည်။

ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့် သတင်းက မြစ်ကြီးနားတစ်ထောင်လုံး ပြန့်သွားသည်။ သို့သော် ဦးပဉ္ဇင်းသည် ထိုစာရင်းတွင် သူပါလိမ့်မည်ဟု မျှော်လင့်မထား။ ထို့ကြောင့် နေ့စဉ် ပုံမှန်လုပ်လေ့ရှိသည့် စာရေးခြင်း၊ ပရိတ်ရွတ်ခြင်း၊ တီဗွီကြည့်ခြင်းစသည့် အလုပ်တွေ ကိုသာ ပုံမှန်လုပ်သည်။

မနက် လေး နာရီ ပုံမှန်အိပ်ရာထသည်။ တရားခွေဖွင့်သည်။ တရားနာသည်။ တရားထိုင်သည်။ ထိုသို့ ပုံမှန်အလုပ်များ လုပ်နေစဉ် မနက်ငါးနာရီခန့်တွင် ခင်မင်သည့် ထောင်မူးတစ်ယောက်က လွတ်ငြိမ်းချမ်းသာခွင့် စာရင်းတွင် ဦးပဉ္ဇင်းအမည် ပါကြောင်း ခိုးကြောင်ခိုးဝှက်ဖြင့် လာပြောသည်။

ဦးပဉ္ဇင်းပါတာ သေချာကြောင်း ပြောသလို လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါသောသူများ၏ အမည်များကိုလည်း ထောင်းမူးက ရွတ်ပြသွားသည်။

ထို့နောက် ဦးပဉ္ဇင်းသည် အထုပ်အပိုးများကို ပြင်ဆင်လိုက်သည်။ သို့သော် စိတ်ထဲတွင် ''လိမ်နေတာများလား'' ဆိုသည့် အတွေးဖြင့် အထုပ်အပိုးကို အကုန်မပြင်ရဲသေး။ အမှန်တကယ်လွတ်မြောက်သည်ဆိုပါက မဖြစ်မနေယူသွားရမည့် ပစ္စည်းတွေကိုသာ ထည့်ထားလိုက်သည်။ သိပ်မကြာ ဒုထောင်ပိုင်ရောက်လာပြီး နာမည် အတိအကျများဖြင့် မည့်သည့်အချိန် လာခေါ်မည်ကို ပြောသွားသည်။

မနက် ခုနစ်နာရီ ထိုးတွင် ဦးပဉ္ဇင်းအပါအ၀င် လွတ်ငြိမ်းချမ်းသာခွင့် ရသူများကိုခေါ်ပြီး မနက် ၉  နာရီတွင် မြစ်ကြီးနား အကျဉ်းထောင်မှ ထွက်ရလေသည်။

ထိုသို့ဖြင့် ၂၀၀၃၊ အောက်တိုဘာ ၂၅ ရက်နေ့ မှစပြီး မန္တလေးအိုးဘိုထောင်တွင် ထောင်ကျခဲ့သော မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူ သည် အကျဉ်းထောင် အတွင်း ရှစ်နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် ၂၀၁၂၊ ဇန်န၀ါရီ ၁၃ ရက်တွင် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဦးပဉ္ဇင်း အကျဉ်းကျခဲ့စဉ်က အသက်မှာ ၃၅ နှစ်အရွယ်ခန့် ဖြစ်ပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အခါမှာ တော့ အသက် ၄၃ နှစ် အရွယ်ခန့် ရှိလေပြီ။

မြစ်ကြီးနားအကျဉ်းထောင် မှ လွတ်မြောက်ခဲ့သည့်နေ့က ဦးပဉ္ဇင်း၏ စိတ်ထဲတွင် သူ၏ အစွမ်းအစများကို ပြသခွင့် ရပြီ ဆိုသည့် ခံစားချက်ကို ကြီးကြီးမားမား ဖြစ်မိလေသည်။ မြစ်ကြီးနားထောင်မှ လွတ်မြောက်ခဲ့သည့်နေ့က ခံစားရသည့် ခံစားမူကို ဦးပဉ္ဇင်းက ယခုလို မိန့်သည်။

'' ရှစ်နှစ်ကြာ ဆည်းပူးခဲ့တဲ့ နိုင်ငံရေးပညာတွေ၊ အတွေ့အကြုံတွေနဲ့ ကျုပ်ရဲ့ အစွမ်းအစတွေကို အစိုးရသိအောင်၊ ကမ္ဘာကြီးက သိအောင် ပြရတော့မယ် ဆိုပြီး ၀မ်းသာသွားတယ်။ တအားကို ပျော်နေတာပေါ့''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်း(၃၀)

မြစ်ကြီးနားထောင်မှ လွတ်သည့်နေ့က ဦးပဉ္ဇင်း ဦးဝီရသူသည် မန္တလေးသို့ တန်းမပြန်လို။ မြစ်ဆုံ သို့ သွားချင်သေးသည်။ မြစ်ကြီးနားတွင်လည်း တစ်ည အိပ်လိုသေး၏။ လူမသိ သူမသိဘဲ မပြနလို။ သို့သော် ထောင်အာဏာ ပိုင်များက ခွင့်မပြု။

မနက် ၁၀ နာရီ ထွက်မည့် လေယာဉ်လက်မှတ် ၀ယ်ထားပြီးပြီ ဟူ ဆိုကာ ကားပေါ်တင်ပြီး လေဆိပ်အတင်းပို့ လေသည်။ တကယ်တမ်း တွင် လေယာဉ်သည် မြစ်ကြီးနား လေဆိပ်မှ မွန်းလွဲ ၁၂ နာရီခွဲမှ ထွက်ခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသည့်အခါ မန္တလေးသို့ ချက်ချင်းမပြန်ဘဲ မြစ်ကြီးနားတွင် တစ်ညအိပ်ပြီး ပြန်မည်ဆိုပါက '' (မန္တလေး  ) တစ်မြို့လုံးက ကျုပ်ကို ကြိုကြမှာ '' ဟု ဦးဝီရသူက မိန့်ဆိုသည်။

မြစ်ကြီးနားထောင်မှ လွတ်လာသော ဆရာတော် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို မြစ်ကြီးနား NLD အဖွဲ့က လာကြိုသည်။ မြစ်ကြီးနားလေဆိပ်သို့ ရောက်သည့်အခါ ဦးပဉ္ဇင်းတို့ကို သီးသန့် နားနေဆောင်ထဲတွင် ထားသည်။

ဦးပဉ္ဇင်းတို့နားနေသည့် သီးသန့်နားနေဆောင်ထဲတွင် ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများရှိသလို ထောင်ပိုင်လေးနှင့် ထောင်မူးတို့လည်း ရှိသည်။ လေဆိပ်မှ လူံခြုံရေး ၀န်ထမ်းတချို့ ရှိသည်။

လေယာဉ်ထွက်မည်ဆိုသော မနက် ၁၀ နာရီကျော်အထိ လေယာဉ်ရောက်မလာသေးသောကြောင့် လေဆိပ်ရှိ နားနေဆောင်တွင် စောင့်ဆိုင်းနေစဉ် ဆရာတော်ဦးဝီရသူအား ပွဲဦးထွက် အမှတ်တရအဖြစ် တရားဟောပေးရန် NLD  အဖွဲ့ဝင်တစ်ဦးက တောင်းဆိုသည်။ ထိုအခါ ဦးပဉ္ဇင်းက မြစ်စွာဘုရား၏ လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံပုံတို့ကို အစချီကာ မြစ်စွာဘုရား၏ ဂုဏ်ပုဒ်တွေကို ဟောသည်။

ပြီးလျှင် ခေါက်းဆောင်တစ်ဦးသည် မြစ်စွာဘုရားကဲ့သို့ ကျင့်ကြံရမည် ဟူ ဆက်ကာဟော၏။ ဦးပဉ္ဇင်းက   ''ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ကနေပြီး ဒီမိုကရေစီကို စစ်မှန်အောင်လုပ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး စစ်မှန်တဲ့ အထိရောက်အောင် တော်လှန်ရေးတွေ လူပ်ရမယ်'' ဟု ဟောကြားခဲ့သည်။

မွန်းလွဲ ၁၂ နာရီခွဲသည့်အခါမှာတော့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ဆရာတော်ဦးဝီရသူသည် မြစ်ကြီးနားမှ မန္တလေး သို့ လေယာဉ်ဖြင့် ပြန်ကြွလာခဲ့တော့သည်။ ဆရာတော်သည် မြစ်ကြီးနား ထောင်မှ လွတ်သည်နှင့် မန္တလေးရှိ သူ၏ တပည့် ဒကာ၊ ဒကာများထံ ဖုန်းဆက်ကာ အကြောင်းကြားထားပြီး ဖြစ်၏။

ထိုနေ့က မန္တလေး အကျဉ်းထောင်မှလည်း အကျဉ်းသားများလွတ်မြောက်ခဲ့ကြသည်။

သို့သော် ဆရာတော်ဦးဝီရသူ မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်သည့် သတင်းကြားသောအခါ ဆရာတော်၏ တပည့် ဒကာ ၊ ဒကာမ တို့သည် မန္တလေးအကျဉ်းထောင်သို့ သွားနေရင်းကပင် တံတားဦး လေဆိပ်သို့ အပြေးရောက်လာကြတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆက်လက်ဖော်ပြပေးပါဦးမည်။


Powered by Blogger.