တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း - ၂၃ ၊၂၄၊၂၅၊၂၆

တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း - ၂၃ ၊၂၄၊၂၅၊၂၆
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                               အခန်း(၂၃)

ဆရာတော် ဦးဝီရသူသည် မန္တလေးထောင်အတွင်း ဆန့် ကျင်တောင်းဆိုမူ့များ မကြာခဏ လုပ်ခြင်း၊ ထောင်အတွင်း သတင်းများ အပြင်သို့ ပို့နေခြင်းတို့ကြောင့် ဆရာတော်ဦ၀ီရသူကို ထောင်အာဏာ ပိုင်များက ကြည့်မရ။ အငြိုးထားသည်။ မလိုလားကြ။ ထိုကာလတွင် ထောင်အတွင်း စာအုပ်သွင်းခွင့်၊ စာအုပ်ဖတ် ခွင့် ကဲ့သို့ လွတ်လပ်ခွင့်တို့ ရရှိနေသည့် အချိန်ဖြစ်သည်။

အင်းစိန်အကျဉ်းထောင်တွင်လည်း သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ကို အလှူအတန်းနှင့် တရားပွဲများ လုပ်ခွင့်ပေးနေသည့် အချိန်ဖြစ်သည်။ အင်းစိန်အကျဉ်းထောင်တွင် လှူဒါန်းခဲ့သည့် မှတ်တမ်းအလှူခွေကို မန္တလေးအိုဘိုထောင်တွင် ပြလေသည်။

ရာဇ၀တ်သားများရှိသည့်နေရာတွင် တီဗွီရှိသဖြင့် ကြည့်လို့ အဆင်ပြေသော်လည်း ဦးပဉ္ဖင်းဦးဝီရသူတို့ကို ထားသည့်နေရာတွင် တီဗွီမရှိသောကြောင့် မိန်းဂျေး(Main Jail) ရှိ တီဗွီကို အလှည့်ကျသွားကြည့်ရလေ သည်။

နောက်ပိုင်းတွင် မန္တလေးအကျဉ်းထောင်ကလည်း သီတဂူဆရာတော်ကြီးကို တရားဟောပေးဖို့ ပင့်ဖိတ်လေသည်။ ဆရာတော်ကြီးက တရားအလှူအပြင် အကျွေးအမွေးပါ ပါလေ၏။ တစ်သက်နှင့် တစ်ကိုယ် ယခုလို လာရောက်လှူဒါန်းခြင်းမျိုးမရှိသဖြင့် ထောင်သားများပျော်ကြလေသည်။

ထိုသတင်းကြားသော အခါ ဦးဝီရသူသည် သူ၏ကိုယ်တော်များ ထံ စာရေး၏။ ဆရာတော်ကြီး ကြွလာ သည့်အခါ ဆရာတော်ကြီးနှင့်အတူ တစ်ပါတည်းလိုက်ပါလာရန် ဖြစ်သည်။ ထို့ကြောင့် သီတဂူဆရာတော်ကြီး မန္တလေးထောင်သို့ ကြွလာသည့်အခါတွင် ဆရာတော် ဦးဝီရသူ၏ သူငယ်ချင်းများစွာ ပါလာလေတော့သည်။

သို့သော် ထောင်အာဏာပိုင်များက ဦးဝီရသူ ကို ၀ှက်ထားသည်။ သီတဂူဆရာတော်ကြီး နှင့် ပေးမတွေ့။ သီတဂူဆရာတော်ကြီးနှင့် ဦးဝီရသူသည် ယခင်ကပင် ရင်းနှီးကြ၏။ တစ်ခါက ဦးဝီရသူ အကျဉ်းထောင်မှလွတ်မြှောက်ရန်အတွက် သီတဂူဆရာတော်ကြီးက စီစဉ်ပေးခဲ့ဖူးသည် ဟုဦးဝီရသူက ဆိုသည်။

“ဦးခင်ညွန့် ပြုတ်သွားလို့ အစီအစဉ်ပျက်သွားတာ" ဟု သီတဂူဆရာတော်ကြီး က သူ့ကို ထောင်မှ လွတ် မြောက်ရန် ကြိုးပမ်းသည့် အစီအစဉ် ပျက်သွားသည့်အဖြစ် ကို ဦးဝီရသူက ရှင်းပြသည်။

မန္တလေးထောင်သို့  သီတဂူဆရာတော်ကြီး ရောက်လာသည့်အခါတွင် ထောင်ထဲသို့ လှည့်ပတ်ကြည့်လို သည်။ ဆရာတော်ကြီးက ဦးဝီရသူ ရှိသည့်နေရာကို တခြားသံဃာတော်များထံမှ တစ်ဆင့် သိထားပြီးဖြစ်၏။ ထို့ကြောင့် ဆရာတော်ဦးဝီရသူရှိသည့် နေရာသို့ သွားသည်။ ထိုအခါ ထောင်အာဏာပိုင်များက အရှေ့ကတား၏။ သို့သော် သီတဂူဆရာတော်ကြီး ''ရောက်တုန်း ရောက်ခိုက် ဆက်သွားရအောင်'' ဟု ဆိုပြီး ဦးပဉ္ဇင်းဦးဝီရသူ ရှိသည့် အခန်းသို့ တည့်တည့်မတ်မတ် လျှောက်လာလေသည်။

ဦးပဉ္ဇင်း ဦးဝီရသူသည် သီတဂူဆရာတော်ကြီးကို တွေ့လိုက်သောအခါ ၀မ်းသာအားရလျှက်

'' ဆရာတော်ကြီး ကြွလာတာ ကျေးဇူးတင်ပါတယ်ဘုရား၊ ငရဲပြည်ကို ရှင်မောဂ္ဂလန် ကြွလာသလိုပါပဲ။ အင်မတန် ချမ်းသာပါတယ်ဘုရား'' ဟု လွှတ်ခနဲ လျှောက်ထားမိလိုက်သည်။

ရှင်မောဂ္ဂလန် သည် ငရဲပြည်သို့ သွာပြီး သာသနာပြုသည်။ သူကြွလာပါက ငရဲမီးများ ငြိမ်းငြိမ်းသွားတတ်သည်။ ငရဲသူ ငရဲသားများ တဒင်္ဂ သက်သာပါစေဆိုသည့် သနားစိတ်ဖြင့်ရှင်မောဂ္ဂလန် က ငရဲပြည်သို့  ကြွခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့် ရည်ရွယ်ချက်ကို ရည်ညွန်းကာ ဦးပဉ္ဇင်းဦးဝီရသူက သီတဂူဆရာတော်ကြီး လျှောက်ထားခြင်းဖြစ်သည်။

သို့သော် ထောင်ပိုင်ကြီးက သူ၏ထောင်ကို ငရဲပြည်နှင့် ခိုင်းနိုင်းရမလားဟု ဆိုကာ မကျေမနပ်ဖြစ်လေသည်။ နိုင်ငံရေးလုပ်သည် ဟု ဆွဲတွေးသည်။ ပြီးလျှင် ဦးပဉ္ဇင်းကို အငြိုးအတေးထားလေ၏။ မန္တလေးထောင်အတွင်း သီတဂူဆရာတော်ကြီးက တရားအလှူပေးသည့်အခါ ယင်းတရားကိုနာဖို့ အတွက် မဲနိုက်ကြရသည်။

ဦးဝီရသူ အပါအ၀င် တခြားသော သံဃာတော်များက မဲမနိုက်ကြ။ တရားနှင့်
ဝေးသည့် အကျဉ်းသားများကိုသာ ဦးစားပေးသည်။ ပထမတွင် တရားပွဲသို့ အားလုံးတက်ရောက်နိုင်စေရန် သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားဖို့ စီစဉ်ကြသေးသည်။ သို့သော် ထောင်အာဏာ ပိုင်များက ခွင့်မပြု။

ထို့ကြောင့် သီတဂူဆရာတော်ကြီး တရားပွဲသို့ သံဃာတော်များ မတက်ရောက်ကြရ။

ထိုအခါ မန္တလေးအကျဉ်းထောင်အတွင်း ရောက်ရှိနေသည့် ၈၈မျိုးဆက် ကျောင်းသား ကိုလှမျိုးနောင်က တရားပွဲသို့သွားရန် မဲပေါက်လေသည်။

သူက '' ဆရာတော် ၊ တပည့်တော် မဲပေါက်တယ်။ သွားမလား '' ဟု ဦးပဉ္ဖင်း ဦးဝီရသူအား သှူုကိုယ်စား တရားပွဲသို့ တက်ရောက်ရန် မေးသည်။

'' ကိုလှမျိုးနောင် ကျေးဇူးကြောင့် တရားနာခွင့်ရတာ။ သူမဲပေါက်လို့ရတာလေ။ ဒါကြောင့် (မှတ်တမ်း) ခွေ ထဲမှာ ဦးဇင်းပါသွားတာ'' ဟု သီတဂူဆရာတော် တရားပွဲသို့ တက်ရောက်ခွင့်ရသည့် အကြောင်းကို ဦးဝီရသူ ရှင်းပြသည်။

မန္တလေးအကျဉ်းထောင်တွင် တရားပွဲပြီးဆုံးလို့  သီတဂူဆရာတော်ကြီး ပြန်ကြွသွားသည့် နောက်ပိုင်းတွင်  မန္တလေးအကျဉ်းထောင်၏ အလှူမှတ်တမ်းခွေသည် ပြည်သူကြားထဲ ပြန့်နှံ့ သွားလေသည်။ ယင်းနှင့်အတူ ဆရာတော်ဦးဝီရသူ လျှောက်ထားသည့် စကားသည်လည်း အမှတ်မထင်ဘဲ ပြည်သူကြားထဲ ပျံ့နှံ့ သွားလေတော့သည်။

'' တချို့က ဦးဇင်းကို သေပြီလို့တောင် ထင်ထားကြတာ၊ ခုနှစ်နှစ် ကာလအတွင်းမှာ မန္တလေးအသိုင်းအ၀ိုင်း ကတောင် ဦးဇင်းကို သေပြီလို့  တွက်ထားတာ '' ဟု ဦးဝီရသူက ရှင်းပြသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                                       အခန်း (၂၄)

မန္တလေးအကျဉ်းထောင်သို့ သီတဂူဆရာတော်ကြီး မကြွလာခင်ကတည်း ဦးဝီရသူ နှင့် ထောင်အာဏာပိုင် များအကြား တင်းမာမူ့တို့ ရှိနေပြီးဖြစ်သည်။ ဦးဝီရသူက ထောင်ကို ငရဲပြည်နှင့် ခိုင်းနိုင်းလိုက်ခြင်းနှင့် ယင်းစကား ပြည်သူကြားသို့ ပျံ့နှံ့  သွားသည့် အခါမှာ တော့ ထောင်အာဏာပိုင်နှင့် ဦးပဉ္ဖင်းကြားရှိ ပတိပက္ခ ပိုမိုကြီးထွားသွားခဲ့လေသည်။

ထို့ကြောင့် မန္တလေးထောင်တွင် သီတဂူဆရာတော်ကြီး၏ တရားပွဲပြီးလို့ တစ်လအကြာမှာတော့ ဦးပဉ္ဖင်း ဦးဝီရသူကို ထောင်ပြောင်းဖို့ လုပ်ကြလေတော့သည်။ ထိုနေ့က ဦးပဉ္ဇင်း အခန်းထဲသို့ ပြန်ဝင်သည့်အခါ အပြင်မှ သော့ခတ်လိုက်သည်။ ပုံမှန် ငါးနာရီပိတ်သောအခန်းသည် တစ်နာရီစောကာ လေးနာရီတွင် ပိတ်လေသည်။

သံတံခါး  သော့ခတ်ပြီးနောက် သစ်သားတံခါးကိုပါ ထပ်ပိတ်သည်။ ပုံမှန်ဆိုလျှင် သံတံခါးပိတ်ပါက သစ် သားတံခါးကို ဖွင့်ပေးရမည်သာဖြစ်သည်။ သို့သော် ယနေ့တွင် သစ်သားတံခါးကိုပါ ပိတ်ထားလေသည်။ ထို့ကြောင့် အခြေအနေက အနည်းငယ် ထူးခြားနေသည်။

ခဏအကြာတွင် အကျဉ်းဝန်ထမ်းအချို့  ဦးပဉ္ဇင်းနေသည့် အခန်းသို့ ရောက်လာပြီး ဦးပဥ္မင်းကို လာခေါ်
သည်။ ထိုအခါ ဦးပဉ္ဇင်းက.......

'' မင်းတို့ ဘာကောင်တွေတုံး၊ ငါက ဘယ်ကို သွားရမှာတုံး၊ ထောင်ထဲတင် ပြောင်းရမှာလား၊ တခြားမြို့ကို
ပြောင်းရမှာလား "
'' မသိဘူး '' ဟု လာခေါ်သူက ပြန်ဖြေသည်။
'' မသိရင် ငါ မလိုက်နိုင်ဘူးကွာ။ ငါ လူကွ "

ထိုသို့ဖြင့် ဆရာတော်နှင့် လာခေါ်သည့် အကျဉ်းထောင်ဝန်ထမ်းတို့  အော်ကျယ်အောက်ကျယ် နှင့် ပြဿ     နာ တက်လေတော့သည်။ ဦးပဉ္ဇင်း မှ ပြောသံဆိုသံတွေ အားလုံးကို တခြား အကျဉ်းခန်းများမှ ကြားနေရသည်။ ထိုသို့ ကြားအောင်လည်း ဆရာတော်က တမင်အော်ပြောနေခြင်း ဖြစ်သည်။

ဆရာတော်က '' သွား... မင်းတို့  ဦးစီးခေါ်ခဲ့''  ဟု ဆိုလိုက်သောအခါ လာခေါ်ကြသူများသည် ပြန်ထွက်သွားကြပြီး ထောင်ပိုင်ကြီးကို ခေါ်လာခဲ့သည်။ ထောင်ပိုင်ကြီးက ဦးပဉ္ဇင်းကို အေးအေးဆေးဆေးရှင်းပြသည်။ ထိုအခါမှ ထောင်ပြောင်းရွေ့ရမည့်အကြောင်း အဖြေရသည်။

နိုင်ငံရေးအကျဉ်းသားများ ယင်းကဲ့သို့ ထောင်ပြောင်းသည့် အခါတွင် တခြားလူများ မမြင်စေရန် သစ်သားတံခါးများ ပိတ်ကာ တိတ်တဆိတ် ခေါ်ထုတ်သွားတတ်ကြသည်။ တချိ့ က တိတ်တဆိတ် လိုက်သွားကြပြီးမည်သူ့ကိုမျှ နူတ်မဆက်။

ယခု ဦးပဉ္ဇင်း ဦးဝီရသူ ထောင်းပြောင်းသည့်အခါမှာတော့ အခန်းများတွင် ပိတ်ထားသည့် သစ်သားတံခါးများကို ဖွင့်ပြီး ''   ဟေ့ကောင်တွေရေ ငါသွားပြီ'' ဟု အားလုံးကို နူတ်ဆက်သွား
သည်။

အချိန်က ညနေ ငါးနာရီဖြစ်သည်။ ထောင်ဘူးဝတွင် ကားစုတ်တစ်စီး ဖင်ထိုးထားသည်။ ရဲဝန်ထမ်းများနှင့် ထောင်ဝန်ထမ်းများက လုံခြုံရေး ယူထားကြသည်။ ဦးပဉ္ဇင်းကို လက်ထိပ်ခတ်လိုက်သည်။ ခြေထောက်ကို လည်း ခြေချင်းများ ခတ်လိုက်ကြသည်။ လက်ထိပ်လည်း ခတ်သလို ခြေထောက်တွင်လည်း ခြေချင်း ခတ်
သဖြင့်

 ဦးပဉ္ဇင်းက '' ဒကာ၊ ကျုပ်ဘုန်းကြီးပါဗျ။ ထွက်မပြေးပါဘူး'' ဟု ဆိုလိုက်သည်။
ထိုအခါ လက်ထိပ်ခတ်သည့် ရဲထန်ထမ်းများက  တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည်။

'' ကျုပ်တရားဟောလို့ ထောင်ကျတာ။ ခိုးဝှက်လို့ ကျတာမဟုတ်ဘူး။ ကျုပ်အာမခံတယ်ဗျာ။ မပြေးပါဘူး။လက်ထိပ်တော့ မခတ်ပါနဲ့'' ဟု

ထပ်မံပြောလိုက်သော အခါ ရဲဝန်ထမ်းတို့ လက်ထိပ်ကို ဖြုတ်ပေးသည်။ ကားပေါ်တွင် ဦးပဉ္ဇင်းနှင့်အတူ  ဒုရဲအုပ်တစ်ဦးနှင့် ရဲ တပ်ကြပ် ကြီး တစ်ဦး ကားပေါ်လိုက်ပါလာခဲ့သည်။

ဦးပဉ္ဇင်းတို့ စီးလာသည့်ကားသည် မန္တလေးအကျဉ်းထောင်မှ မန္တလေးဘူတာရုံသို့ မောင်းနှင်လာခဲ့သည်။ ဆရာတော် ဦးဝီရသူသည် အကျဉ်းသားတစ်ဦးအနေဖြင့် မန္တလေးဘူတာကြီး သို့ ရောက်သည့်အခါ အား
ငယ်သလို ခံစားလိုက်ရ၏။

ကားပေါ်မှ ဆင်းသည်နှင့် ဦးပဉ္ဇင်းသည် သံဃာတော်တွေကု် လိုက်ကြည့်နေမိသည်။ ခုနစ်နှစ်ကြာမျှ ကင်း ကွာခဲ့သော ဒီပတ်ဝန်းကျင်တွင် သူ့ကို မှတ်မိသူ မရှိ။ ဆရာတော်၊ သံဃာတော်တွေကို တွေ့လျှင် လက်အုပ်လေးချီကာ '' တပည့်တော် ၀ီရသူပါခင်ဗျ '' ဟု နူတ်ဆက်သည်။ သူ့ ကို ဘယ်သူမှမသိ တော့။

သူ့ ပုံစံကလည်း ထောင်အ၀တ်အစားနှင့် စုတ်စုတ်ပြတ်ပြတ် ဖြစ်နေသည်။
'' သူတို့  ငါ့ကို မေ့ကုန်ကြပြီ '' ဟူသော အတွေးသည် ဦးပဉ္ဇင်းသည် ရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရ၏။ '' လောကကြီး က ငါ့ကို မေ့ကုန်ကြပြီ။ ငါ့ကို သိတဲ့ လူတွေ မရှိတော့ဘူး ဆိုပြီး

တော်တော်ခံစားသွားရတယ်'' ဟု အကျဉ်းသားတစ်ဦးအဖြစ် မန္တလေးဘူတာကြီး သို့ ရောက်သွားစဉ် သူခံစားရသည့် ခံစားမူ့ ကို ဦးဝီရသူက ပြောပြသည်။

မြစ်ကြီးနားသို့ သွားမည့် ရထားသည် ညနေခြောက်နာရီတွင် မန္တလေးဘူတာမှ စထွက်သည်။

ဦးပဉ္ဇင်းသည် ခရီးသည်များ စီးသည့်တွဲမှ စီးခဲ့ရခြင်းဖြစ်သည်။ ရဲဝန်ထမ်းနှစ်ဦးက ဦးပဉ္ဇင်း၏ ဘေးတစ်ဖက်စီတွင်လုံခြုံရေး အဖြစ် ခြံရံကာ လိုက်ပါလာခဲ့သည်။ မိုးကောင်းဘူတာအရောက်တွင် ဦးဝီရသူ ကို ဒကာမကြီးတစ်ဦး က လာနူတ်ဆက်သည်။ ဒကာမကြီးမှာ ကလေးမြို့ က ဖြစ်၏။

သူက '' ဘုန်းဘုန်း က အမြဲရူံးနေသော ဘောလုံးပွဲကို ဟောတဲ့ ဘုန်းဘုန်းလား '' ဟု လာရောက်နူတ်ဆက်ခြင်းဖြစ်သည်။

သူက ဦးပဉ္ဇင်း၏ တရားကို နားဖူးကြောင်း ယခုလိုတွေ့ရလို့ စိတ်မချမ်းသာကြောင်း ပြော၏။

ထိုအခါ ဦးဝီရသူက '' ဒကာမကြီး၊ ခင်ဗျားနဲ့ တွေ့  မှပဲကျုပ် အားပြန်တက်သွားတယ်။ ကျုပ်ကို လောကကြီးက မသိကြတော့ဘူးလို့ အောက်မေ့နေတာ။ ကျုပ်ကို သိတဲ့သူ ရှိသေးတယ်'' ဟု ၀မ်းသာအားရ ပြန်နူတ်ဆက်ပြီး သူထောင်ပြောင်းသွားသည့် သတင်းကို ဆက်သွယ်အကြောင်းကြားပေးဖို့  လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့ကို ပေးလိုက်လေသည်။

ဦးဝီရသူတို့ စီးလာသည့် ရထားသည် မြစ်ကြီးနားဘူတာသို့ ည ကိုးနာရီတွင် ဆိုက်လေသည်။ မြစ်ကြီးနား
မြို့ ၏ အမှောင်ထုသည် ဦးဝီရသူကို ဆီးကြိုနေလေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                                    အခန်း(၂၅)

ပြာသိုလပြည့်နေ့ တွင် သာနေသော လမင်းကြီး၏ ကိုယ်ရောင်ကိုယ်ဝါတို့က အမှောင်ထုကို အားပျော့်စေသည်။ အေးမြမူကိုပေး၏။

ထို့ကြောင့် မြစ်ကြီးနားမြို့ ၏ အမှောင်ထုက လရောင်အောက် တွင် အေးချမ်းစွာရှိနေသည်။ မန္တလေး အိုးဘိုထောင်တွင် နေကွယ်၊ လကွယ်ဖြင့် အကျဉ်းခန်းထဲတွင် နေခဲ့ရသော လရောင်လွမ်းသူ ဦးဝီရသူအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသည့် လူတစ်ယောက်ကဲ့သို့ပင်။

မန္တလေး အိုးဘိုထောင်တွင် နေခဲ့စဉ်က သူ့အကျဉ်းခန်းထဲသို့  နေရောင်မ၀င်၊ လရောင်မ၀င်။ နေရောင်နှင့်လရောင် က အခန်းရှေ့သို့သာ လာကျတတ်သည်။ လကို မမြင်ဖူးတာကြာတော့ အကျဉ်းသားတို့သည် လရောင်ကို လွမ်းကြသည်။ ထို့ကြောင့် ဦးဝီရသူသည် '' ဘ၀နွေထဲက လမိုက်ညများ'' ဆိုသည့် လရောင်တမ်းချင်း ကဗျာရှည်ကိုပင် ရေးစပ်ခဲ့သေးသည်။

*ဘ၀နွေထဲက လမိုက်ညများ*
~~~~~~~~~~~~~~~
(လရောင်တမ်းချင်း ကဗျာရှည်)
*အုတ်တိုက်ထူထူမှာ
ပြုတ်အိုက်ကာနေပူလောင်တာမို့
ဖုတ်လှိုက်ကာ အသက်ရှူကျပ်တဲ့အပြင်
လေမ၀င်ခြင်တွေကိုက်လေတော့
နွေမိုက်မှာ သေကာလိုက်ချင်ရဲ့
ဆိုးတဲ့ ဘ၀။

*သံတိုင်တွေကြားကနေ
ကြံမှိုင်ကာ ဖွေရှာတော့
နွေညမှာ ငွေလသာပါလျက်
ငွေလရောင် မောင့်ဆီမလာတာက
မျက်နှာလိုက်တာလား မမငွေ။

*သခင့်မျက်နှာ ပပ၀င်းကို
ပင့်သက်လွှာ မော်ကာဖူးရင်ဖြင့်
ပျော်ကားမြူး ထူးမယ့်ဘ၀င်။

*သံတံခါးရဲ့ တစ်ဖက်မှာ
စံထားသက်လျာ အနေခက်တာကြောင့်
ပွေရတက် ဗျာပါ အပူအေးရအောင်
တစ်ချက်တစ်ခါလေးမျှလောက်
မျက်နှာကလေး ပြလှည့်ပါဦး မမငွေ။

*စန္ဒူပမ သုတ္တာန်တွင်
ဗုဒ္ဓရှင် ထုတ်ပြန်ခဲ့တာက
အဟုတ်မှန်စွာ သဘာဝ
လ ဆိုတာ မျက်နှာမလိုက်ပါတဲ့။

*ထိုသို့ပင်ဖြစ်ပါလျက်ကယ်နှင့်
သဘာဝကို ဆန့်ကျင်
ပကာသနလို စတန့်ထွင်ကာ
လ၀န်ခင် ပုံစံချိုးတာက
ခေါင်မိုးပေါ် ဖြတ်လိုဖြတ်
နောက်ဖေးဘက် ပတ်လိုပတ်
ဘေးဘက်မှ ဝေ့လိုဝေ့
ရှေ့မျက်နှာ လရောင်ကျတော့လည်း
အရိပ်အရောင် ခရုံလေး
နိမိတ်ဆောင်ကာ ပြရုံလေးနဲ့
မမငွေ စေတနာမွဲတာကြောင့်
ဝေဒနာ အသည်းခြောက်လို့နေ။

*လှောင်အိမ်ထဲက နှလုံးသားမို့
အရောင်မှိန်ကာ အမုန်းပွားလေသလား။
အရှုံးသမား အမိုက်ဖြစ်ပေမယ့်
ဘုရားမကြိုက်တဲ့ ဒုစရိုက်ကို ဆန့်ကျင်
လောကတစ်ခွင် သာယာရေးအတွက်
အသွေးအသက်တွေ
ပေးဆပ်နေသူများကိုမှ
မညှာအား မစာနာ
မေတ္တာမဲ့ကာ ပစ်ခွာထားကာကြောင့်
သခင့်မျက်နှာ မမြင်တွေ့ရဘဲ
သခင့်အငွေ့ကို မြင်သရွေ့နဲ့သာ
ကျေနပ်နေရတော့မှာပေါ့ မမငွေ။

*သြော်... ဘ၀နွေများမြောင်ထဲမှာ
လမိုက်ညရဲ့ သားကောင်မျိုးနဲ့
အမှောင်တိုးကာ
အလင်းရှာသူတစ်ယောက်ပေမို့
ခရီးတစ်ထောက် တစ်နေရာမှာ
မငြီးလောက်စရာ မေတ္တာတရားတွေနဲ့
ကြည့်လှည့် မြင်လှည့် ကြင်တော်မူ။

အိုကွယ်...
သခင့် ကိုယ်ငွေ့အအေးဓာတ်တွေနဲ့
ပွေ့ဖက်လို့ နမ်းတော်မူလှည့်ပါ
အကြင်နာ ထာဝရပွားရပါတဲ့
သခင်မလေးဘုရား။
 (၂၀. ၄. ၂၀၀၉)

ယခုရထား စီးကာ မန္တလေးမှ မြစ်ကြီးနားသို့ လာခဲ့သည့် လမ်းတစ်လျှောက်တွင် လည်း ဦးပဉ္ဇင်းသည်လမင်းကြီးကို အ၀ကြည့်နေမိသည်။ ထိန်ထိန် သာနေသည့် လမင်းကြီးကို ကြည့်နေရင်း ''ကိုယ်ကသာ သူ့ ကိုသိပေမယ့် သူက ကိုယ့်ကို မမှတ်မိပါလား'' ဟု သူ့စိတ်ထဲ တွေးကာ နေမိသည်။

မြစ်ကြီးနားဘူတာသို့ ရောက်သည်နှင့် သုံးဘီးဆိုင်ကယ်စီးကာ အကျဉ်းထောင်သို့  သွားခဲ့ရသည်။ သုံးဘီး

ဆိုင်ကယ်သည် ဦးပဉ္ဇင်း ထောင်ထဲသို့ ရောက်သည့်အချိန်မှ အသုံးပြုခဲ့ခြင်းဖြစ်ရာ သူ့အတွက်တော့ ပထမဆုံးမြင်ဖူးခြင်း၊ စီးဖူးခြင်းသာဖြစ်သည်။ ဦးပဉ္ဇင်းသည် သုံးဘီးဆိုင်ကယ် ပေါ်တွင် ဆိုင်ကယ်သွားရာဘက်ကို ကျောပေးပြီး ဆိုင်ကယ် အနောက်ဘက်သို့  မျက်နှာမူထားရသည်။ ဆိုင်ကယ်အနောက်ဘက်တွင် လက်နက်ကိုင် ရဲဝန်ထမ်း သုံးယောက်က အစောင့်အကြပ်အဖြစ် လိုက်ပါလာခဲ့သည်။ ဦးပဉ္ဇင်း ၏ ခြေတောက်ကိုတော့ ခြေချင်းခတ်ထားသည်။

မြစ်ကြီးနားထောင်သို့  ရောက်သည့်အခါ ည ၁၀ နာရီ ထိုးလေပြီ။ ဦးပဉ္ဇင်းသည် မြစ်ကြီးနားထောင်၏ အခြေအနေကိုကြည့်ပြီး အံ့သြသည့်စိတ် ဖြစ်ရလေသည်။ အဘယ့်ကြောင့်ဆိုသော် မန္တလေးထောင်တွင် သတင်းစာပင်နပ်မှန်အောင် မဖတ်ရသည့် အခြေအနေတွင် မြစ်ကြီးနားထောင်တွင် တီဗွီများ ကြည့်ခွင့်ရလေသည်။

ဦးပဉ္ဇင်း၏ စိတ်ထဲတွင် မြန်မာပြည်သား ဟောင်ကောင်သို့ ရောက်သွားလေသလားဟု ပင် ထင်မှတ်နေမိသည်။ ပျော်သလိုလို လည်း ခံစားလိုက်ရသည်။ တချို့ အကျဉ်းခန်းများ၏ သံတံခါးများတွင် မှန်တစ်ချပ်တပ်ကာ ထိုမှန်မှတစ်ဆင့် တီဗွီကို ကြည့်နေကြသည်။

ဦးပဉ္ဇင်း မြစ်ကြီးနားထောင်သို့ ရောက်သည့်အခါတွင် ထောင်ပိုင်၊ ထောင်မှူးများကလည်း အော်ဟစ် ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းစသည့် အပြုအမူများနှင့်  မဆက်ဆံ။ ဦးပဉ္ဇင်းနေရမည့်အခန်းသို့ ထောင်ဝန်ထမ်း နှစ်ဦးက လိုက်ပို့ပေးသည်။ မန္တလေးထောင်မှ သယ်လာသည့် အထုတ်အပိုးများနှင့် အိပ်ရာလိပ်တို့ကို ဦးပဉ္ဇင်းက မနိုင်တနိုင်ဖြင့် ကိုယ်တိုင်သယ်ယူခဲ့ရသည်။

ဦးပဉ္ဇင်းသည် ထောင်ထဲရှိ အကျဉ်းသားများ သူ့ကို သိလို့ သိငြားဆိုသည့်အတွေးဖြင့် '' မစိုးရိမ်က ဦးဝီရသူ ဖြစ်ပါတယ် ခင်ဗျ'' ဟု ဆိုကာ လိုက်နူတ်ဆက်သည်။ သို့သော် မည်သူ တစ်ဦးတစ်ယောက်ကမျှ ပြန်မနူတ်ဆက်။ ညအိပ်ချိန် ၁၀ နာရီကျော် ဖြစ်နေခြင်းကြောင့်လားတော့ မပြောတတ်။

မနက်မိုးလင်း ထောင်မဖွင့်ခင်အချိန်တွင် ဦးပဉ္ဇင်းနေသည့် အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းတွင်  NLD ပါတီမှ ဦးမျိုးခင်ကို တွေ့ရသဖြင့် ဦးပဉ္ဇင်းသည် ဦးမျိုးခင်ကို ဦးစွာနူတ်ဆက်လိုက်သည်။ အခန်းထဲတွင် ဦးပဉ္ဇင်းကလည်း တစ်ယောက်တည်းနေသည်။

ဦးမျိုးခင်ကလည်း တစ်ယောက်တည်းပင် ဖြစ်၏။ သူတို့နှစ်ဦး၏ မျက်နှာချင်းဆိုင် အခန်းက လူသွားလမ်းလေး တစ်ခုသာခြားသည်။ သတင်းစာတစ်စောင်ကို အရှည်လိပ်ကာ လက်ကို ဆန့်တန်းပြီး နှစ်ဖက် အပေးအယူ လုပ်မည်ဆိုလျှင် ပေးလို့၊ ယူလို့ ရနိုင်သည့် အကွာအဝေးပင်ဖြစ်သည်။

“ ဦးဇင်းကို ကြည့်ပြီး သူ (ဦးမျိုးခင်) က ဘယ်က ကိုရင်လေးလဲလို့ အောက်မေ့နေတာ။ အဲဒီတုန်းက ဦးဇင်းက ကလေးလေးလို ဖြစ်နေတာ။ ဦးဇင်းမှန်းသိတဲ့အခါကျတော့ နူတ်ဆက်ကြတာပေါ့“ ဟု ဦးဝီရသုကဆိုသည်။

ထောင်တန်းဖွင့်သည့်အခါမှာတော့ ဦးပဉ္ဇင်းကို သူ၏တပည့်များက လာရောက်နူတ်ဆက်ကြသည်။ စားစရာသောက်စရာများ လာပေးကြသည်။ ဦးဝီရသူသည် မြစ်ကြီးနားထောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမျိုးခင်၊ ဦးအောင်မြင့်၊ သုံးရောင်ခြယ်အဖွဲ့မှ ဦးစိန်လှိုင်၊ စသုံးလုံးညွန်ကြားရေးမူးချုပ် ဦးထွန်းလှ၊ ထောက်လှမ်းရေးမှ ကျော်ကျော်စိုး၊ ဦးဇာဂနာ စသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ရသည်။

ဦးဝီရသူ နှင့် ဦးဇာဂနာတို့နေကြသည့် တိုက်ကမတူ။ ထောင်ဝင်စာ တွေ့မှသာ တစ်ယောက်နှင့်တစ်ယောက် နူတ်ဆက်ဖြစ်ကြသည်။ စကားပြောကြသည်။ သူသည် ဦးဇာဂနာနှင့် စာအဆက်အသွယ်လုပ်ကာ သတင်းများ အပြန်အလှန်ဖလှယ်တတ်ကြသည်ဟု ဦးဝီရသူ က ပြောသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
         
                                                 အခန်း(၂၆)

မန္တလေးအိုးဘို အကျဉ်းထောင်မှ မြစ်ကြီးနားထောင်သို့ ဦးပဉ္ဖင်းကို ပြောင်းရွေ့လိုက်ခြင်းသည် သူ့အတွက်၊လွန်စွာအဆင်ပြေသွားသည်။ မြစ်ကြီးနားထောင်က လွတ်လွတ်လပ်လပ်ရှိသည်။ လိုချင်တာရှိလျှင် ထောင်စည်းကမ်းနှင့်အညီ ရအောင်လုပ်ပေးသည်။ အမိန့်အာဏာဖြင့် အုပ်ချုပ်ခြင်းမျိုး မဟုတ်ပဲ၊ မိသားစု စနစ်ဖြင့် အုပ်ချုပ်သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ တလေးတစား ဆက်ဆံကြသည်။ ရိုက်နှက် နှိပ်စက်တာမျိုး မရှိ။

ထောင်မှကျွေးသော ထမင်းဟင်း မစားလိုပါက မိမိနှစ်သက်ရာဟင်းကို မှာပြီး ထောင်က ဖိုကြီးတွင် ချက်စားနိုင်သည်။ ဟင်းချက်ဖို့ အတွက်လည်း အကျဉ်းသားများ ခန့်ထားပေးသည်။ မည်သူ့ကို မည်သို့ချက်ပေးဟု မှာထားရုံဖြင့် လိုသလိုချက်ပြုတ်ပေးသည်။ မန္တလေးထောင်မှာ ဆိုလျှင် ထောင်ဝင်စာလာပို့သည့် အကြော်အလှော်၊ အခြောက်အခြမ်းကိုသာ စားရသည်။ ယခုလို ချက်ပြုတ်မစားရ၊ အသီးအရွတ်လိုလျှင်လည်း ပီနှံအိတ်ဖြင့် သွင်းခွင့်ရသည်။
ဦးပဉ္ဇင်း၏ ဒကာ၊ ဒကာမများကို ဦးပဉ္ဇင်းကို ဆွမ်းချိုင့် လာပို့သည့်အခါတွင်လည်း ထောင်မှဝန်ထမ်းများက

ဦးပဉ္ဇင်းထံ ချက်ချင်းပင် လာပို့ပေးသည်။ ပစ္စည်းလက်ခံရရှိကြောင်း စာကိုလည်း ရေးပြီး အကြောင်းကြားခွင့်ပေးသည်။

အကျဉ်းခန်းထဲသို့ တီဗွီသွင်းချင်သည်ဆိုပါက ထောင်သို့ လှူဒါန်းသည့်ပုံစံဖြင့် သွင်းခွင့်ရှိသည်။ သို့သော် ထောင်မှ လွတ်မြောက်သွားသည် ဆိုပါက အဆိုပါတီဗွီကို ထောင်ထဲတွင် ထားခဲ့ရသည်။ ကိုရီးယားဇာတ်လမ်းနှင့် တရားခွေစီဒီများကိုလည်း သွင်းခွင့်ရသည်။ ထို့ဘေကာင့် ဦးပဉ္ဇင်းသည်း မနက်ပိုင်း တရားခွေဖွင့်ကာ နားထောင်ခွင့်ရသည်။

မန္တလေးအိုးဘိုထောင်တွင် ထိုသို့မဟုတ်၊ ထောင်တွင်းဆေးရုံသို့ သွားသည်ဖြစ်စေ၊ ထောင်ဝင်စာတွေ့သည်ဖြစ်စေ၊ အစောင့်အကြပ်များနှင့် သွားရသည်။ ခြေလှမ်းတစ်လှမ်းခြင်းကို ဝေါ်ကီတော်ကီဆယ်သွယ်ရေးစက်ဖြင့် ဆက်သွယ်ကာ အမိန့်ပေးမှ သွားရသည်။

 ထောင်မူးကိုယ်တိုင်က ဘယ်နေရာရောက်နေပြီ ဆိုတာကို သတင်းပို့နေရသည် ဟု ဦးဝီရသူက ဆိုသည်။ ပြီးလျှင် လူတစ်ကိုယ်လုံးကို စမ်းကာ ရှာဖွေးရေးများ လုပ်သည်။ ယင်းသို့ ရှာသည်မှာ အသွားတစ်ခါ အပြန်တစ်ခါ ရှာဖွေခြင်းဖြစ်သည်။ တရားစခန်း ၁၀ ရက် ၀င်သည့် အခါပင်လျှင် ယင်းသို့  ရှာဖွေခြင်း ခံရသည်။

'' မြစ်ကြီးနားထောင် ဆိုရင် စိတ်ချမ်းသာတယ်။ တော်တော် ငြိမ်းချမ်းတယ် '' ဟု  မြစ်ကြီးနားထောင်တွင် နေခဲ့ရသည့် အခြေအနေကို ဦးဝီရသူ က သုံးသပ်ပြသည်။

မန္တလေးအိုးဘိုထောင်တွင် ဘုန်းကြီးလိုလည်း နေလို့မရ။ သင်းပိုင်လို လည်း ၀တ်ခွင့်မရှိ။ ခေါင်းတုံးလည်း မတုံးရ။ ဘုန်းကြီးဖိနပ်လည်း စီးခွင့်မပေး။ မြစ်ကြီးနားထောင်တွင် သံဃာတစ်ပါးလို နေခွင့်ရသလို ဦးပဉ္ဇင်းကို တစ်လတစ်ခါ တရားပြခွင့်ပေးသည်။

တစ်ကြိမ်လျှင် ၁၀ ရက်ကြာသည်။ အဘိဓမ္မာကိုလည်း  ပို့ချခွင့်ရခဲ့သည်။  မြစ်ကြီးနားအကျဉ်းထောင်တွင် ဦးပဉ္ဇင်းသည် ၁၂ လကြာ နေခဲ့ပြီး တရားပြခဲ့သည့် အကြိမ် ၁၁ ကြိမ် တရားပြပေးခဲ့သည်။ သူသည် ထောင်ထဲတွင် နိဗ္ဗာန်ရောက်ကြောင်း တရားများကို ဟောကြားခဲ့သလို နိုင်ငံရေး တရားများကိုလည်း ဟောကြားခဲ့သည်။

သို့အပြင် ဦးပဉ္ဇင်းသည် အကျဉ်းထောင်အတွင်း တရားပြပေးနေခြင်းကြောင့် အကျဉ်းထောင်မှ ညွန်ကြားရေးမူး ကိုယ်တိုင်က ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် နှင့် ဟိန္ဒူ စသည့် ဘာသာလေးမျိုးပါသည့် ပိဋက သုံးပုံဆောင် ပိဋက ကတ်ကို ဦးပဉ္ဇင်းထံ လှူဒါန်းပေးအပ်ခဲ့သည်။

'' စာလည်း စိတ်ကြိုက်ရေးလို့  ရတယ်။ ဘောလ်ပင်ဆိုတာ အစည်းလိုက်ကို သွင်းခွင့်ရတယ်။ (စာရေး) ခုံလည်းရှိတယ်။ ထောင်မူးမြင်တယ်။ ဘာမှ မပြောဘူး။ ဦးဇင်းက သာသနာပြုတယ်။ အမျိုးသားရေးနဲ့  ကျလာတယ်၊ အန္တရာယ်မပြူဘူးဆိုတာကို သိတယ်။ အခွင့်အရေးပေးထားတာပေါ့ '' ဟု မြစ်ကြီးနားထောင်အတွင်း လွတ်လပ်မူ့တချို့ ရခဲ့သည့်အကြောင်းကို ဦးဝီရသူ က သုံးသပ်ပြသည်။

ဦးပဉ္ဇင်းသည် မန္တလေးထောင်တွင် ကျန်ခဲ့သော အစ်ကိုဖြစ်သူထံသို့  စာပုံမှန်ရေးပို့သည်။ အစ်ကိုဖြစ်သူ၏ ဇနီးထံသို့လည်း စာပုံမှန်ရေးပို့  ဖြစ်ခဲ့လေသည်။ သူ့အစ်ကိုထံသို့ ပို့သည့်စာများကိုတော့ မန္တလေးထောင်မှ သိမ်းဆည်းထားလိုက် သဖြင့် အစ်ကိုထံသို့ မရောက်။ သို့သော် အစ်ကို ဇနီးထံသို့ ပို့သည့်စာများသာ ရောက်လေသည်။

ဦးပဉ္ဇင်းသည် ထောင်မှ ပြန်လွတ်မြောက်လာသော အခါ '' သေနေ့မင်္ဂလာ တရားတော်'' ဟူသော အမည်ဖြင့် စာအုပ်ထုတ်ခဲ့ရာ ယနေ့အချိန်ထိ စာအုပ်ရေ ငါးသောင်းအထိ ရိုက်နှိပ်ပြီး ဖြစ်သည်။

စာရေးသူအမည် ကို မဲဇာလွန်တောရဆရာတော် ဟု အမည်ပေးထားပြီး သေခြင်းတရားနှင့် ပတ်သက်ပြီး ရေးသားထားသည့် အဆိုပါ '' သေနေ့မင်္ဂလာ တရားတော်'' စာအုပ်ကို '' ယောဂီတွေ တအားကြိုက်ကြတယ်'' ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆက်လက်ဖော်ပြပေးပါဦးမည်။

မြနန်းဆရာတော်Facebook pageမှ ကူးယူးဖော်ပြအပ်ပါသည်။
Powered by Blogger.