တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း - ၁၉ ၊၂၀၊၂၁၊၂၂

တစ်ကမ္ဘာလုံးနှင့်တစ်ယောက်  အခန်း - ၁၉ ၊၂၀၊၂၁၊၂၂
----------------------------------------------------------------------------
မန္တလေးအကျဉ်းထောင်တွင် ဦးဝီရသူနှင့် ကင်းသူ မရှိသလောက်ပင်။ နိုင်ငံရေးသမား၊ ထောက်လှမ်းရေး၊ ရာဇဝတ်သား စသဖြင့် သူ့ထံတွင် အကူအညီတောင်းရသည်။ စားသောက်စရာများ ပေးခြင်း၊ အိမ်နှင့် အဆက်အသွယ်လုပ်ခြင်း၊ စာရေးပေးခြင်း၊ စာအုပ်စာတမ်းများ ထောင်တွင်းသို့ သွင့်ခြင်းတို့ကို ဦးဝီရသူက လိုက်လံကူညီပေးရသည်။

ဦးဝီရသူသည် ထောင်ထဲသို့ ကြက်ကင်အကောင်လိုက်ပင် သွင်းဖူးသည်။ တစ်ပတ်လျှင် ကြော်ထားသည့် ကြက်သုံးကောင် အပတ်စဉ် သွင်းခဲ့ဖူးသည်။ ဦးပဉ္စင်းသည် ဆိတ်သား၊ အမဲသားနှင့် ဝက်သားတို့ မစားသဖြင့် သူ၏ ဒကာ၊ ဒကာမများက ကြက်နှင့် ငါးကို အပတ်စဉ် ပို့ပေးသည်။

ကြက်ကို ကြာရှည်အထားခံရန် ခြေထောက်နှင့် ခေါင်းကိုဖြတ်ပြီး တစ်ကောင်လုံးကို ကြော်ပို့ပေးသည်။ ယင်းသို့ တစ်ပတ်လျှင် သုံးကောင်ပို့ပေးခြင်းဖြစ်ရာ ဆရာတော်ဦးဝီရသူက မန္တလေးထောင်တွင် အတူတူထောင်ကျနေသည့် သူ၏ဆရာသမားကို တစ်ကောင်ပေးသည်။ သူနှင့် သူ၏ကပ္ပိယအတွက် တစ်ကောင်၊ ကျန်သည့်တစ်ကောင်ကို ပေးသင့်ပေးထိုက်သည့်သူများကို ပေးသည်။ ဦးပဉ္စင်းပေးသည့် သူများတွင် ထောက်လှမ်းရေးလည်းပါသည်။ နိုင်ငံရေးသမားလည်း ပါသည်။

" ကြက်ကြော် လှူတာက ခိုးလှူရတာ။ တစ်တိုက်နှင့် တစ်တိုက်၊ တစ်ခန်းနှင့်တစ်ခန်း မကူးရဘူး။ တစ်ယောက်ကို ပေးဖို့ဆိုတာ ခိုးလှူရတယ်။ လူချင်းလည်း မတွေ့ရဘူးလေ " ဟု ဦးဝီရသူက ဆိုသည်။

ထောက်လှမ်းရေးများ ရာထူးမှပြုတ်ပြီး တချို့က မန္တလေးအကျဉ်းထောင်ထဲသို့ ရောက်လာရာ သူတို့တွင်ပါလာသည့် ပိုက်ဆံများကို ထောင်မှ သိမ်းထားလိုက်သည်။ သူတို့သည် မိသားစုနှင့်လည်း မတွေ့ရ။ ထောင်ထဲတွင်လည်း သူတို့အနားသို့ မည်သည့်အကျဉ်းသားမှ မလာ။ မည်သူကမှ မကူညီချင်ကြ။ ထို့ကြောင့် သူတို့တွင် ခြုံစောင်၊ အိပ်ရာခင်းနှင့် ခေါင်းအုံးမရှိ။ ပန်းကန်ခွက်ယောက်တို့ မရှိ။ တချို့ ထောက်လှမ်းရေးဆိုလျှင် ဖျားနာကြသည်။

ထိုအခါ ဦးဝီရသူက သူနာမည်ဖြင့် လိုအပ်သည့်ဆေးများ ဝယ်ပေးသည်။ ဆရာတော်၏ ထောင်ဝင်စာတွင် ထောက်လှမ်းရေးတချို့၏ ထောင်ဝင်စာထုပ်ကိုပါ တစ်ပါတည်း ယူပေးသည်။ ပြီးလျှင် ယင်းအထုပ်ကို တန်းစီးမှတစ်ဆင့် ကာယကံရှင်ထံသို့ တစ်ဆင့်ပို့လိုက်သည်။ ထို့အတူ ထောက်လှမ်းရေးများထံသို့ ခြုံစောင်များကိုလည်း ဦးဝီရသူက သွင်းပေးခဲ့သည်။

" ကျုပ်ကို သင်္ကန်းချွတ်ခဲ့တဲ့ (ထောက်လှမ်းရေး) တပ်မှူးကို ကျုပ်က စောင်ခိုးသွင်းပေးခဲ့တာ။ စားစရာ ခိုးသွင်းပေးခဲ့တာ။ သံသရာဆိုတာ အဲဒါပဲ "ဟု သူ့ကို သင်္ကန်းချွတ်ခိုင်းသည့် ထောက်လှမ်းရေးတပ်မှူးကို ထောင်ထဲတွင်တွေ့ပြီး အကူအညီပေးခဲ့ရပုံကို ဦးဝီရသူက ပြောပြသည်။

ထောင်ထဲတွင် ထောက်လှမ်းရေးသမားများကို ယင်းသို့ အကူအညီပေးနေခြင်းကြောင့် ဦးဝီရသူကို နိုင်ငံရေးသမားများက သဘောမတွေ့ကြ။ မေးငေါ့ကြသည်။ " ဘုန်းကြီးလျှောက်လုပ်ပေးနေတယ်။ သေပလေ့စေ ထားလိုက် "ဟူ၍လည်း ပြောသူက မရှား။

သို့သော် ဆရာတော်ဦးဝီရသူက ဘာသာရေးအမြင်နှင့်သာ ကြည့်သည်။ ထောက်လှမ်းရေးဖြစ်စေ၊ ရာဇဝတ်သားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ ထောင်ထဲသို့ ရောက်လာလျှင် အားလုံးဟာ အကျဉ်းသားများသာ ဖြစ်သည်။ အားလုံးကို လူသားတွေလို့သာ ဦးပဉ္စင်းက သဘောထားသည်။

ထောင်ထဲသို့ ရောက်လာလျှင် အကျဉ်းသားအားလုံး စည်းလုံးနေရမည်။ အားလုံးပေါင်းစည်းနေမှသာလျှင် ထောင်ဝန်ထမ်းများက အနိုင်မကျင့်မှာဟူသော ဝါဒကို ဦးပဉ္စင်းက လက်ကိုင်ထားသည်။ ထို့ကြောင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင် အကျဉ်းသားများကို အကူအညီပေးနေခြင်းကြောင့် ဦးဝီရသူနှင့် နိုင်ငံရေးသမားတချို့မတည့်ကြ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                  အခန်း - ( ၂၀ )

မန္တလေးထောင်တွင် လူတစ်ရပ်လောက်အမြင့်ရှိသည့် သစ်ပင်မရှိသောကြောင့် အရိပ်အာဝါသမရှိ။ ယင်းသို့ဖြစ်ရခြင်းကလည်း လုံခြုံရေးကြောင့်ဟုဆိုသည်။ လူတို့သည် အပြင်လောကနှင့် အဆက်သွယ်ဖြတ်ကာ မျက်စိပိတ်၊ နားပိတ်ဖြစ်နေသည့်အပြင် ကျေးငှက်တို့၏ အော်မြည်သံကိုပင် မကြားရ။

 စိတ်ပျော်ရွှင်စရာ ဖျော်ဖြေဖို့ အာရုံနုနုလေးဟူ၍ တစ်ခုမျှ မရှိ။ ထို့ကြောင့် လူတို့သည် စိတ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးချို့ တဲ့နေကြသည်။ လူတို့သည် စိတ်ပိုင်းဆိုင်ရာအရ ဆတ်ဆတ်ထိမခံ။ သည်းမခံနိုင်ကြ။

စိတ်အပန်းဖြေစရာ အာရုံနုနုဟူ၍ ကောင်းကင်တွင် ရာသီဥတုသာယာနေ့သည့်အချိန်နှင့် မန္တလေးတောင်ကို လှမ်းမြင်ရသည့် အချိန်များသာ ရှိသည်။ ကျန်သည့်အရာများက စိတ်အာရုံကြမ်းတမ်းစရာများသာဖြစ်သည်။ နေ့စဉ် အကျဉ်းသားတို့၏ ခြေချင်းသံတို့ ကြားရမည်။ ရိုက်နှက်သံ၊ ဆူသံ၊ ဆဲသံ၊ ဒေါသတကြီး အော်ဟစ်သံဟစ်တို့ ကြားရမည်။

လူတွေကို တိရစ္ဆာန်တွေလို စေခိုင်းနေသည့် မြင်ကွင်းတို့ မြင်ရမည်။ ယင်းသို့ အဆဲအဆိုခံနေရသူများ၊ အခိုင်းခံနေရသူများမှာ လူကြီး၊ လူငယ်အစုံပင် ဖြစ်သည်။ သို့ဖြင့်၍ လူတိုင်းလိုလိုသည် စိတ်ပိုင်းဆိုင်ရာအရ ချို့ ယွင်းချက်တော့ အနည်းနှင့်အများ ရှိကြသည်။

ဦးပဉ္စင်းဦးဝီရသူသည် ထိုမြင်ကွင်းတွေကို ကြည့်ကာ လူတို့သည် အာရုံခြောက်ကပ်နေ၍သာ သူတို့၏စိတ်များ မစိုပြည်ရခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ ထို့ကြောင့် ဦးပဉ္စင်းတွင် စိတ်ကူးတစ်ခုရသည်။ ယင်းမှာ အကျဉ်းထောင်အတွင်း FM ရေဒီယိုဖွင့်ပေးဖို့ဖြစ်သည်။ ဦးပဉ္စင်းသည် ထောင်ပိုင်များထံ တောင်းဆိုခဲ့သည်။ ပထမတော့ လက်မခံ။ ဘုန်းကြီးက FM လွှင့်ပေးဖို့ တောင်းသည့်အတွက် ဟာသသဘောမျိုး ယူဆကြသည်။

" အမှန်က ကျုပ်ရည်ရွယ်ချက်က အကျဉ်းသားတွေ ဆဲဆိုနေတဲ့အသံတွေ ကြားနေတာထက်စာရင် သီချင်းသံလေးတွေ ကြားနေရတာက ပိုကောင်းတယ်။ အကျဉ်းသားတွေ အာလာပသလ္လာပ ပြောနေတာထက်စာရင် သတင်းလေးတွေ ကြားနေရတာ ပိုကောင်းတယ် " ဟု ထိုစဉ်က သီချင်းနှင့်သတင်းကြားလိုသဖြင့် FM ရေဒီယိုဖွင့်ခိုင်းရခြင်း၏ ရည်ရွယ်ချက်ကို ဦးပဉ္စင်းက ရှင်းပြသည်။

နောက်ဆုံးတွင် ထောင်ပိုင်ကြီးက မိန်းဂျေးတွင် ဟွန်းကြီးတပ်ကာ တိုက်အတွင်းရှိ အကျဉ်းသားများ ကြားနိုင်သည့်အထိ FM ရေဒီယိုကို ဖွင့်ပေးသည်။ မနက်ရောက်လို့ FM ရေဒီယိုမဖွင့်သေးလျှင် ဦးပဉ္စင်းဦးဝီရသူက ထောင်ပိုင်ထံ သတင်းပို့သည်။

" အိမ်ကိုလွမ်းတဲ့သူတွေ အရမ်းသနားဖို့ကောင်းတယ်။ အဲဒီမှာ ကလေးလေးတွေနဲ့ အင်တာဗျူးတာတွေ ပါလာရင် သူတို့ရဲ့ သားသမီးတွေကို လွမ်းကြတာပေါ့ဗျာ "

FM ရေဒီယို ထုတ်လွှင့်ပေးလိုက်သည့် နောက်ပိုင်းတွင် ယခင်က ဆူသံ၊ ဆဲသံ၊ ရန်ဖြစ်သံများဖြင့်သာ ဆူညံကာနေသော အကျဉ်းထောင်သည် သီချင်းဆိုသံများ၊ ပျော်ရွှင်မြူးတူးနေကြသည့် အသံများ ကြားလာရ၍ စိတ်ချမ်းသာခဲ့ရသည်ဟု ဦးပဉ္စင်းက ဆိုသည်။ အကျဉ်းသားတို့ကလည်း ဦးပဉ္စင်းကိုမြင်လျှင် " ဆရာတော် ကျေးဇူးပဲ " ဆိုသည့်သဘောဖြင့် လက်မထောင်ကာပြသည်။

"နိုင်ငံရေးသမားတွေက ကိုယ့်အရေးပဲ တောင်းဆိုတာ၊ တစ်ထောင်လုံးအရေး တောင်းဆိုတာ မဟုတ်ဘူး။ ဦးဇင်းက တစ်ထောင်လုံးအရေး တောင်းဆိုတာ၊ ကိုယ့်အရေးတောင်းဆိုတာ မဟုတ်ဘူး။

ခံယူချက်က တအားကွာတယ်။ အဲဒီမှာ ဦးဇင်းက အမျိုးသားနိုင်ငံရေနှင့် ပါတီနိုင်ငံရေးကို သဘောပေါက်သွားတယ် " ဟု ဦးပဉ္စင်းဦးဝီရသူက သူ၏အမြင်ကို မိန့်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                       အခန်း- ( ၂၁)

FM ရေဒီယိုမှ သီချင်းများထုတ်လွှင့်သည့်အခါ ဟစ်ဟော့သီချင်းများကိုလည်း ကြားရသည်။ ယင်းမှာ ဦးပဉ္စင်းအတွက်တော့ ဟစ်ဟော့သီချင်းကို ပထမဆုံး နားထောင်ဖူးခြင်းသာဖြစ်သည်။

ယင်းသို့နားထောင်ခွင့်ရခဲ့ရာမှ ဦးပဉ္စင်းကိုယ်တိုင် ဟစ်ဟော့သီချင်းရေးစပ်ရန်အတွက် အတွေးပေါ်လေသည်။

ဦးပဉ္စင်း သီချင်းရေးစပ်လိုသည့်အကြောင်းအရာက သဘာဝပတ်ဝန်းကျင်အကြောင်းဖြစ်သည်။ ၂၀၀၄ တွင် ဆူနာမီလှုပ်သွားခဲ့သည်။
ဂျာနယ်နှင့် သတင်းစာများတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အရေးကြီးသည့်အကြောင်းကို ရေးသားကြသည်။

အိုဇုန်လွှာပေါက်သည့်အကြောင်း၊ ကမ္ဘာကြီးပူနွေးလာသည့်အကြောင်း၊ ပင်လယ်ရေမြင့်တက်လာသည့်အကြောင်း စသည်တို့ကို ဖတ်ရှုနေရသည်။
ထိုအခါ ယင်းတို့ကို အကြောင်းပြု၍ ဆရာတော်က သဘာဝအလှတရားသည် ကမ္ဘာကြီး၏ နှလုံးသားဖြစ်သည်ဟု တွေးမိသည်။ ကမ္ဘာကြီး၏

နှလုံးသားကို ကာကွယ်ဖို့လိုသည်။ ယင်းသို့ကာကွယ်ဖို့အတွက် သတိပေးလိုသည့်အနေဖြင့် ကမ္ဘာကြီး၏ နှလုံးသားဆိုသည့် သီချင်းကို ဟစ်ဟော့ပုံစံဖြင့် စတင်ရေးသားခဲ့ခြင်းဖြစ်သည်။

" ဟစ်ဟော့က များများပြောနိုင်တယ် "

ဟစ်ဟော့သီချင်းပုံစံဖြင့် ရေးသားဖြစ်ခဲ့သည့်အကြောင်းကို ရှင်းပြသည်။ သီချင်းရေးစပ်ရာတွင် တစ်ထိုင်တည်း ရေးစပ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ထောင်ထဲတွင် သွားရင်း လာရင်း ခေါင်းထဲပေါ်လာသည်တို့ကို စိတ်ထဲတွင် အလွတ်ကျက်ထားပြီး အခန်းထဲပြန်ရောက်သည့်အခါ တစ်ကြောင်းရေး၊ နှစ်ကြောင်းရေး သဘောမျိုးဖြင့် ရေးစပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးပဉ္စင်းက ဆိုသည်။

ယင်းသို့ဖြင့် ဦးပဉ္စင်းသည် အကျဉ်းထောင်ထဲတွင် ဟစ်ဟော့သီချင်း၊ မြန်မာသံစဉ်သီချင်းနှင့် ကော်ပီသီချင်းတို့ကို ရေးစပ်ခဲ့သေးသည်။
----------------------------------------------------------------------------------------
                                          အခန်း - ( ၂၂ )

မန္တလေးအကျဉ်းထောင်တွင် ဦးပဉ္စင်း နေ့စဉ်လုပ်သည့် နောက်ထပ်အလုပ်တစ်ခုက အကျဉ်းသားတွေကို အင်တာဗျူးခြင်းဖြစ်သည်။ သူသည် အကျဉ်းထောင်မှလတ်မြောက်၍ အပြင်သို့ရောက်ပါက လူတွေ သံဝေဂရစေရန်၊ သင်ခန်းစာယူစေရန် သင်ခန်းစာယူထိုက်သည့် အကျဉ်းသားများကို လိုက်လံအင်တာဗျူးသည်။

ထို့ပြင် စစ်အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးမှုမရှိတာတွေ၊ တရားဥပဒေစိုးမိုးမှု မရှိ၍ အပြစ်မဲ့ပြည်သူများထောင်အတွင်း၌ ဒုက္ခရောက်နေတာတွေကို သိရှိနိုင်စေရန် အင်တာဗျူးခြင်းဖြစ်သည်။ စစ်တပ်မှ ထွက်ပြေးသဖြင့် ထောင်ကျလာသည့် စစ်ပြေးများကိုလည်း အင်တာဗျူးခဲ့သည်။

" တစ်ချို့ကျတော့ ဇာတ်လမ်းကစိတ်ဝင်စားဖို့ကောင်းတယ်။ နိုင်ငံခြားဇာတ်လမ်းတွဲလိုပဲ။ ဖောက်ထွင်းဝိဇ္ဇာတို့ဘာတို့ပေါ့။ သူတို့ဆိုရင် ကော်ဖီတိုက်ပြီးကို ဗျူးတာ " ဟု ဦးဝီရသူက ဆိုသည်။

ဆရာတော် ဦးဝီရသူ အင်တာဗျူးခဲ့သည့်သူများတွင် အပြစ်မရှိဘဲ သေဒဏ်ကျသူများလည်းပါသည်။ တရားခံမပေါ်သည့် လူသတ်မှု၊ မုဒိမ်းမှုတို့ကို အပေါ်က (အစိုးရလူကြီးများ) ဖိအားပေးသဖြင့် တရားခံရှာကာ အပြစ်မရှိဘဲ အကျဉ်းကျခံရသူများဖြစ်သည်။ ဦးပဉ္စင်းသည် သူတောင်မှ လွတ်၍ အပြင်ရောက်ပါက ထိုသူများကို လွတ်အောင်လုပ်ပေးမည်ဟု တွေးသည်။

၎င်းတို့အနက် ဆရာတော်အမှတ်တရဖြစ်သူမှာ သေဒဏ်ကျခံသည့် တာတီးဆိုသည့် ကောင်လေးဖြစ်သည်။

သူသည် ထောင်ထဲတွင် ဆရာတော် ရေးထားသည့် စာမူကြမ်းများကို အချောပြန်ရေးပေးရသည့် တာဝန်ကိုယူထားသူတစ်ဦးဖြစ်သည်။ စာရိတ္တကောင်းသည်။ စိတ်ထားလည်းကောင်းသည်။ စာဖတ်သည်။ ထောင်ထဲတွင် ဘာပြဿနာမှမလုပ် ။ ထောင်ကျစဉ်က အသက် ၁၇ နှစ်အရွယ်လောက်သာ ရှိသေးသည်။
တာတီး၏အဖေမှာ ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။

တာတီးက ဓားပေါက်အလွန်ကျွမ်းကျင်၏။ ပစ်မှတ်ကို မလွတ်တမ်း ပစ်နိုင်သည့် ဓာားဝိဇ္ဇာတစ်ဦးဖြစ်သည်။တစ်ရက်တွင် လူပေါင်းမှားကာ ဓာားပြတိုက်ခဲ့သည်။ သူတတ်ကျွမ်းသော ဓားပေါက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဓားပြတိုက်သည့်အမှုဖြစ်သဖြင့် အမှုလိုက်ရဲဝန်ထမ်းများက ဓားပေါက်ကျွမ်းကျင်သူများ၊ သိုင်းတတ်ကျွမ်းသူများကို လိုက်လံဖမ်းဆီးသည်။

 ပြီးလျှင် ရိုက်နှက်ကာ စစ်ဆေးသည်။ သူတို့စိတ်ထဲတွင် ဓားပြတိုက်မှုတွင် သိုင်းကျွမ်းကျင်သူတစ်ဦး ပါဝင်ခဲ့သည်ဟု ယူဆကြသည်။

ထိုသို့ တရားခံမဟုတ်သောသူများကို ဖမ်းဆီးရိုက်နှက် စစ်ဆေးကြသည်ကို တွေ့သောအခါ တာတီးက မကြည့်ရက်။ ထို့ကြောင့် ရဲဝန်ထမ်းဖြစ်သည့် သူ့အဖေထံသို့သွားကာ တရားခံမှာ သူကိုယ်တိုင်ဖြစ်ကြောင်းဝန်ခံသည်။ ထိုအခါ အဖေဖြစ်သူက တာတီးကိုခေါ်ကာ စခန်းမှူးထံ သွားအပ်လိုက်လေသည်။ ဤသို့ဖြင့် တာတီးသည် မန္တလေးထောင်တွင် သေဒဏ်ကျနေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

" အဖေရော၊ သားရော ရိုးလို့ထောင်ကျတာ။ သူထောင်ကလွတ်ရင် ဘုန်းကြီးကျောင်း လာနေမယ်ပြောတယ် " ဟု ယနေ့အထိ မမေ့နိုင်သည့် ထောင်ထဲမှ အကျဉ်းသားတစ်ဦး၏ အကြောင်းကို ဦးပဉ္စင်းက ရှင်းပြသည်။
--------------------------------------------------------------------------------------
ဆက်လက်ဖော်ပြပေးပါဦးမည်။

ဒီ " တစ်ကမ္ဘာလုံးနှင့် တစ်ယောက် " စာအုပ်ကို ဖတ်ဖူးပြီးသူလည်း ရှိကြသည်၊ မဖတ်ရသေးသူများလည်း များစွာ ရှိသည် ။ မိမိ ဖတ်ဖူးတယ်ဆိုရင် မဖတ်ရသေးသူများအတွက် Share လုပ်ပေးကြပါ ။
Powered by Blogger.