တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း-၁၁၊၁၂၊၁၃၊၁၄၊

တစ်ကမ္ဘာလုံးနှင့်တစ်ယောက်  အခန်း-၁၁၊၁၂၊၁၃၊၁၄၊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                            အခန်း - ( ၁၁ )
ဦးဝီရသူသည် စစ်အကျဉ်းထောင်အတွင်းရှိ အခန်းတစ်ခု၏ ဆက်တီခုံပေါ်တွင် ထိုင်နေသည်။ ခဏကြာတော့ အခန်းအတွင်းသို့ ထောက်လှမ်းရေးများ ဝင်လာသည်။ ထောက်လှမ်းရေးတစ်ဦးက " အရှင်ဘုရားကို မေးဖို့၊ မြန်းဖို့ ခေါ်လာတာပါ။ ဆရာတော် ဦးဇဋိတနဲ့ ပတ်သက်ပြီး မေးစရာရှိတယ် "

ဦးပဉ္စင်းက " ပွင့်ပွင့်လင်းလင်းမေးပါ၊ ကြိုက်တာမေးပါ။ သူ့အရှေ့လည်း မေးရတယ်၊ ကွယ်ရာလည်း မေးလို့ရတယ် "

"ဒါပေမယ့် ဒီလိုတော့ မေးလို့မရဘူး။ တပည့်တော်တို့က ဗုဒ္ဓဘာသာဆိုတော့ သင်္ကန်းပါနေလို့ မမေးရဲဘူး။ အရှင်ဘုရား သင်္ကန်းချွတ်ပေးပါ"

ထို့ကြောင့် ဦးပဉ္စင်းက လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။ ထောက်လှမ်းရေးများက ဦးပဉ္စင်း၏ သင်္ကန်းကို ဆွဲချွတ်လိုက်ကြသည်။ အတွင်းခံသင်္ကန်းက ကျန်နေသည်။ သူတို့က ဦးပဉ္စင်းအား အင်္ကျီ ပေးသည်။

"ထောင်ပုံစံဆိုရင် ဝတ်မယ်။ အရပ်ဝတ်အရပ်စားဆိုရင် မဝတ်နိုင်ဘူး"ဟု ဦးပဉ္စင်းက ငြင်းသည်။

"ထောင်ပုံစံကတော့ ဒီမှာမရှိဘူး။ ဒါပဲ ဝတ်ရမယ်"

ထို့ကြောင့် ဦးပဉ္စင်းသည် ကမ်းပေးသည့် အင်္ကျီကို ယူကာ ဝတ်လိုက်သည်။ အတွင်းခံသင်္ကန်းအပေါ်မှ အင်္ကျီလက်ရှည်ကို ထပ်ဝတ်လိုက်သည်။ ပုဆိုးကိုလည်း သင်းပိုင်ဝတ်သကဲ့သို့ ဝတ်လိုက်သည်။ အတွင်းခံသင်္ကန်းကိုပါ ချွတ်ပေးရန် ထပ်တောင်းသဖြင့် ဦးပဉ္စင်းက ထပ်မံချွတ်ပေးလိုက်ရသည်။
သင်္ကန်းအားလုံး ချွတ်ပေးလိုက်ပြီးသည့်နောက်မှာတော့ သူတို့က အပေါ်မှာထိုင်ပြီး ဦးပဉ္စင်းကို အောက်သို့ ပြောင်းထိုင်းခိုင်းသည်။

"သင်္ကန်းချွတ်လိုက်တာနဲ့ ဘဝကပြောင်းပြန်ပဲလေ။ သိက္ခာချတာ မဟုတ်တဲ့အတွက် ရွတ်ဖတ်စရာမလိုဘူး။ သင်္ကန်းချွတ်တဲ့ဘုန်းကြီးမှာတော့ အပြစ်မရှိဘူးပေါ့။ သင်္ကန်းဆွဲချွတ်တဲ့ လူတွေကတော့ အပြစ်ကြီးတာပေါ့။ ဘုရားအရေ ခွာပစ်တာလေ။ သာသနာဖျက်အဆင့်မျိုး ရောက်သွားတယ်"ဟု သူက ဆိုသည်။

ဦးပဉ္စင်းကို ငါးရက်တိုင်တိုင် လူတစ်ယောက်ပြီး တစ်ယောက်ပြောင်းကာ ဘေးကြပ်နံကြပ်သဘောမျိုးဖြင့် စစ်ဆေးကြသည်။ ဦးပဉ္စင်း၏ ရှေ့စကား နောက်စကား ညီ၊ မညီ ကြည့်ကြသည်။ ပြီးလျှင် စစ်ဆေးသူပြောင်းတိုင်း ပုစ္ဆာတစ်ပုဒ်ကို ပြန်ပြန်မေးသည်ဟု ဆရာတော်က ဆိုသည်။

"ဦးဇင်းမှာ သူတို့ သံသယရှိတာ ဘာမှမတွေ့ဘူး။ ကျောက်ဆည်အဓိကရုဏ်းက ဦးဇင်းနဲ့ပတ်သက်မှုမရှိဘူးဆိုတာ သူတို့ကိုယ်တိုင် ယုံကြည်တယ်။ ပြန်လွှတ်ဖို့ပဲ။ မနက်ဖြန် ပြန်လွှတ်မယ်။ ကတိပေးပြီးသွားပြီ"ဟု ဦးဝီရသူက သူ့အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး အပြစ်မရှိကြောင်း တွေ့ရသဖြင့် ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည့် အစီအစဉ်ကို ပြောပြသည်။

သို့သော် မထင်မှတ်ထားသည့် ဖြစ်ရပ်တို့က အကြောင်းဖန်လာလေသည်။ ထိုနေ့ညက " ဝီရသူ လွတ်မြောက်ရေး ဒို့အရေး "ဟုဆိုကာ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များက ဦးဝီရသူလွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုကြတော့သည်။ အစိုးရက သေနတ်ဖြင့် ပစ်ခတ်ရသည်အထိ ဖြစ်သွားခဲ့ရသည်။ သံဃာတချို့ ဒဏ်ရာရခဲ့သည်။ ထိုဆန္ဒပြမှုတွင် သံဃာတော် ၁၇ ပါး ထောင်ထဲသို့ ရောက်သွားခဲ့သည်ဟု ဦးပဉ္စင်းက ဆိုသည်။

" သူတို့ကို ထောင်ထဲပို့ရမယ်ဆိုတော့ ဦးဇင်းကို ပြန်လွှတ်လို့ မရတော့ဘူး။ သူတို့က လာလျှောက်တယ်။ ဦးဇင်းလည်း ထောင်ထဲသွားရတော့မယ်။ ပြန်လွှတ်လို့မရတော့ဘူး "ဟု ထောင်ထဲသို့ ရောက်ခဲ့ရသည့် အဖြစ်ကို ဦးဝီရသူက ယခုလို သုံးသပ်သည်။

" ဦးဇင်းကို ပြန်လွှတ်ချင်တဲ့အဖွဲ့နဲ့ မလွှတ်ချင်တဲ့အဖွဲ့ နှစ်ဖွဲ့ရှိတယ်။ မလွှတ်ချင်တဲ့အဖွဲ့က ဦးဇင်းတရားပွဲဆို လုံခြုံရေးယူရတယ်၊ အလုပ်ရှုပ်တယ်၊ ဦးဇင်းကို ထောင်ထဲထည့်ထားချင်တယ်။ ပြန်လွှတ်ချင်တဲ့ အဖွဲ့ကတော့ ဘာမှ မကျူးလွန်းလို့ "

သို့ဖြင့်၍ ဦးပဉ္စင်းကို မလွှတ်ချင်သည့်အဖွဲ့က သံဃာထဲဝင်ကာ ဆူပူအုံကြွအောင် မြှောက်ပေးသည်။

စစ်ကြောရေးတွင် ဦးပဉ္စင်းသည် မည်သို့နှိပ်စက်ခံနေရသည်၊ မည်သို့ ရက်စက်နေကြသည် စသည်ဖြင့် သံဃာတော်တွေ မခံမရပ်ဖြစ်အောင်လုပ်ပြီး ဆန္ဒပြပွဲဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဦးဝီရသူက ယူဆသည်။

" တကယ်က စစ်ကြောရေးမှာ ငါးရက်ကာလ အကောင်းဆုံးကျွေးတယ်။ မနက်စာ၊ နေ့လည်စာ အကောင်းစားပဲ၊ ညစာတောင် စားဦးမလား မေးသေးတယ်။ ရိုက်နှက်တာလည်း မရှိဘူး " ဟု သူက ဆိုသည်။

ဤသို့ဖြင့် ဦးဝီရသူသည် စစ်ကြောရေးတွင် အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးရန် စီစဉ်ပြီးမှ ရုတ်တရက် သံဃာတော်များ ဆန္ဒပြလိုက်ခြင်းကြောင့် စစ်အကျဉ်းထောင်မှတစ်ဆင့် မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်သို့ အပို့ခံလိုက်ရလေသည်။

" စစ်အကျဉ်းထောင်ကနေ အိုးဘိုထောင်ကို ပို့တော့မယ်။ အမှုရင်ဆိုင်ရတော့မယ်ဆိုတော့ ဘယ်လိုဖြစ်မယ်မှန်းမသိတော့ ရေအဝသောက်သွားရတယ်။ ဦးဇင်းမှာ ပိုက်ဆံတွေလည်း ပါသွားတယ်။ ချမ်းချမ်းသာသာနေလို့ရတယ် "

ထို့နောက် ဦးပဉ္စင်းဦးဝီရသူကို အဖြူရောင် ဗင်ကားလေးဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ခေါ်ဆောင်သွားလေတော့သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                            အခန်း - ၁၂

စစ်အကျဉ်းထောင်တွင် ငါးရက်ကြာမျှ စစ်ဆေးပြီးနောက် ဦးပဉ္စင်းဦးဝီရသူကို မန္တလေးအိုးဘိုထောင်သို့ ပို့လိုက်ကြသည်။ ဆရာတော်၏အမှုကို မန္တလေးအိုးဘိုထောင်အတွင်းရှိ အထူးတရားရုံးတွင် တရားစီရင်ကြသည်။ ဦးပဉ္စင်း၏ယာဉ်မောင်း အစ်ကိုဝမ်းကွဲတော်စပ်သူသည်လည်း ဦးပဉ္စင်းနှင့်အတူ အဖမ်းခံခဲ့ရခြင်းဖြစ်ရာ အထူးတရားရုံးတွင် အတူတူရုံးထုတ်ခံကြရသည်။

အထူးတရားရုံး၏ တရားခွင်တွင် ဆရာတော်ဦးဝီရသူတို့ဘက်မှ ၎င်းတို့နှစ်ဦးတည်းသာ ရှိပြီး ရှေ့နေမငှားရ၊ မိသားစုလည်း မလာရ။ အစိုးရဘက်မှ ရဲဝန်ထမ်း၊ စစ်သား၊ ရပ်ကွက်လူကြီး၊ တရားသူကြီး၊ ရှေ့နေ၊ ဥပဒေအရာရှိတို့အပါအဝင် ပရိသတ်စုစုပေါင်း တစ်ရာခန့်ရှိသည်ဟု ဆရာတော်က ဆိုသည်။

တရားခွင်တွင် စစ်ဆေးကြရာ၌လည်း အကြိမ်ကြိမ်အခါခါ ချိန်းဆိုစစ်ဆေးပြီးမှ အမိန့်ချခဲ့ခြင်း ဖြစ်လေ၏။ မန္တလေးအိုးဘို အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံကို ဆရာတော်က ယခုလို မှတ်ချက်ပြုသည်။

" တကယ်တမ်းက မစစ်ဆေးဘူး။ ခဏခဏရုံးချိန်းတယ်ဆိုတာ သိအောင်ပေါ့လေ။ သူတို့ခေါ်တိုင်း လက်ထိပ်တန်းလန်းနဲ့ သွားရတယ်။ မန္တလေးထောင်ဝင်းထဲက အထူးတရားရုံးမှာ စစ်ပြီး ချက်ချင်းချပစ်လိုက်တာ "

ဦးပဉ္စင်းကို ပုဒ်မငါးခုဖြင့် ထောင်ဒဏ်စုစုပေါင်း ၂၅နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ ထောင်ထဲတွင် ၂၅နှစ်ကြာ ဖြတ်သန်းရတော့မည် ဆိုသောအခါ ဦးပဉ္စင်းသည် မဟာစည်ဆရာတော်ကြီး၏ သံပေါက်ဂါထာတစ်ပုဒ်ကိုသာ နှလုံးသွင်းမိသည်။

" အဟောင်းကိုလည်း မပြန်နဲ့
အသစ်ကိုလည်း မကြံနဲ့
ဖြစ်ဆဲရုပ်နာမ် ပစ္စုပ္ပန်
အမှန်တည့်အောင် ရှုရမည် " ဟူသော သံပေါက်ဂါထာလေးဖြစ်သည်။

အတိတ်ကို ပြန်မကြည့်ရန်၊ အနာဂတ်တွင်လည်း စိတ်ကူးမယဉ်နေရန်နှင့် လက်ရှိမျက်မှောက်အခြေနေကို ကြိုးစားဖြတ်သန်းနိုင်ရန်အတွက် စပ်ဆိုထားခြင်းဖြစ်သည်ဟု ဦးဝီရသူက ဆိုသည်။

ဆရာတော်ဦးဝီရသူ ထောင်ထဲရောက်သည်နှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုက ဆွမ်းဘုဉ်းပေးဖို့ဖြစ်သည်။ ထောင်က ကျွေးသည့် ထမင်းက မာလွန်းသဖြင့် " အပေါ်ကနေ ပစ်ချလိုက်ရင် အောက်မှာ ဒေါင်းဒေါင်း ဒေါင်းဒေါင်းမြည်တယ် "ဟု ဆရာတော်က ဆိုသည်။ သူ့တွင် အစာအိမ်ရောဂါရှိသဖြင့် ဒီလိုထမင်းမျိုးကို နေ့တိုင်းဘုဉ်းပေးရန်အတွက် အခက်အခဲရှိသည်။

ထို့ကြောင့် နည်းလမ်းတစ်ခုရှာရ၏။ ထိုအခါ ၂၄ နာရီတွင် တစ်နပ်တည်းသာ ဆွမ်းဘုဉ်းပေးသော ဓူတင်ကျင့်စဉ်ကို ကျင့်ရန် ဆုံးဖြတ်လိုက်လေသည်။ ယင်းသို့ ဓူတင်ကျင့်စဉ်ကို ကျင့်ကာ ဆွမ်းတစ်နပ်တည်း ဘုဉ်းပေးခြင်းအားဖြင့် အစာအိမ်ရောဂါကိုလည်း မထိခိုက်တော့သလို မိမိစိတ်ကို ဆုံးမရာလည်းရောက်သည်ဟု ဆင်ခြင်တွေးတောကာ ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ထိုအခါ တစ်ရက်လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေးရသည့်အတွက် ဦးပဉ္စင်းသည် အင်အားနည်း၍လာသည်။

ထိုအချိန်တွင် ထောက်လှမ်းရေးအဖွဲ့က ဆရာတော်ဦးဝီရသူ၏ ကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေရာ အထောက်အထားများထပ်ရသည်ဟုဆိုပြီး ထောင်ထဲတွင် ဆရာတော်ကို ထပ်မံစစ်ဆေးမှုများ ပြုလုပ်ကြသည်။ မျက်နှာကို အဝတ်စည်းကာ မေးမြန်းကြသည်။ မထိုင်ခိုင်း။ တစ်ညလုံး မတ်တပ်ရပ်ကာနေစေသည်။ ဦးပဉ္စင်းက ဝင်လေ ထွက်လေမှတ်ဖို့ ကြိုးစားသည်။

သို့သော် ဓူတင်ကျင့်ထားသည့်အရှိန်ကြောင့် ခန္ဓာကိုယ်က အားနည်းကာနေသည်။ သူ၏ ခြေထောက်များလည်း တဖြည်းဖြည်း ယိမ်းယိုင်ကာလာလေသည်။

ထိုအချိန်မျိုးတွင် စစ်ဆေးသူ ထောက်လှမ်းရေးများက အနားရှိ စားပွဲခုံကို တုတ်နှင့်ရိုက်ကာ " ဟေ့ကောင် ဝင်းခိုင်ဦး " ဟုခေါ်ပြီး ခြောက်လှန့်မေးမြန်းကြသည်။ ထောက်လှမ်းရေးများ မေးမြန်းနေသည်က ဆရာတော်၏ စာအုပ်များကို လူထုတိုက်မှ ထုတ်ခြင်း ဟုတ်၊ မဟုတ်ကို မေးမြန်းခြင်းဖြစ်သည်။ " ဟုတ်ပါတယ် "ဆိုသည့် အဖြေသာပြန်ပေးလိုက်ပါက ထောင်မှပြန်လွှတ်ပေးမည့် အခြေအနေများပင်ရှိသည်ဟု ဆရာတော်က ဆိုသည်။

သို့သော် လူထုဒေါ်အမာကို တစ်ခါတည်းသာ မြင်ဖူးသည့် ဆရာတော်ဦးဝီရသူက လူထုတိုက်နှင့် အဆက်အသွယ်ပင် မရှိကြောင်းကို အမှန်တိုင်းသာ ပြန်လည်ဖြေကြားခဲ့သည်။ ထိုအခါ ထောက်လှမ်းရေးများက သူတို့လိုချင်သည့်အဖြေကို မရသည့်အတွက် ထပ်မံညှဉ်းဆဲလေသည်။

" ကျုပ်ကသာ တစ်ခွန်းထွက်လိုက်၊ လူထုစာအုပ်တိုက်က ချိတ်ပိတ်ခံရမှာ။ သူတို့က လူထုတိုက်ကို ငြိုးတာ။ ကျုပ်ကလည်း လူထုတိုက်နဲ့ကို အဆက်အသွယ် မရှိတာ " ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

ထိုသို့ စစ်ဆေးရာမှ ၁၂ ရက်မြောက်သည့်နေ့တွင် ဆရာတော်သည်တောင့်၍ မခံနိုင်တော့။ နောက်သို့ ပက်လက်လန်ကာ လဲကျသွားလေတော့သည်။ ထိုအခါ ဆရာတော်၏ နောက်နားတွင်ရှိသော ထောက်လှမ်းရေးတစ်ဦးက ပွေ့ချီထားလိုက်သည်။ ထိုသူကပင် ဦးပဉ္စင်းကို အကျဉ်းခန်းထဲအထိ ပြန်လိုက်ပို့ပေးသည်။

" ထောက်လှမ်းရေးထဲမှာလည်း စိတ်ကောင်းရှိတဲ့သူက ရှိတယ်။ ခပ်ကြမ်းကြမ်းစစ်တဲ့ အာဠာဝကဆိုတဲ့သူ ကြမ်းသထက်ကြမ်းလာတော့ တစ်ယောက်က တားတယ်။ အဲဒီသူတားလို့ ဆက်မကြမ်းရဲတော့တာ " ဟု ဆရာတော်က မိန့်သည်။

ပုံမှန်စားနေကျထမင်းနှင့် လုံးဝမတူသော ထောင်ထမင်းကို စားရခြင်း၊ ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးခံလိုက်ရခြင်းတို့ကြောင့် ဆရာတော်၏ အစာအိမ်ရောဂါက ပြန်ထလာသည်။ ထိုအခါ ထောက်လှမ်းရေးများက ဆရာဝန်ကြီးကိုခေါ်ကာ စစ်ဆေးပေးသည်။ ထို့နောက်မှာတော့ ဦးပဉ္စင်းသည် ထောင်ထမင်းကို မစားရတော့။ ဝန်ထမ်းသက်သာဆိုင်က ထမင်းကို လခပေးကာ ဆွမ်းဘုဉ်းပေးခွင့်ရသည်။ ထိုဆွမ်းဖိုးကို ထောက်လှမ်းရေးက လှူဒါန်းပေးသည်။ ယင်းကဲ့သို့ ဆွမ်းဘုဉ်းပေးရခြင်းမှာ ဓူတင်ကျင့်လိုက်ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

ဦးပဉ္စင်း ဆွမ်းဘုဉ်းပေးရာတွင် ကပ္ပိယတစ်ဦးက ဆွမ်းကပ်ပေးမှ ဘုဉ်းပေးရခြင်းဖြစ်သည်။ ထို့ကြောင့် အကျဉ်းသားတချို့က အလှည့်ကျ ကပ္ပိယလုပ်ကြသည်။ ဤနေရာတွင် သဘောကောင်းသည့် ထောင်ဝန်ထမ်းဆိုပါက ဦးပဉ္စင်းအတွက် လိုလေသေးမရှိ သေသေချာချာ လုပ်ကိုင်ပေးရန် ထောင်တန်းစီးကို မှာလိုက်ပါက သေချာဆွမ်းဘုဉ်းပေးရသည်။

သို့သော် တချို့သော ထောင်ဝန်ထမ်းများက ဦးပဉ္စင်းကို အကျဉ်းသားလို ဆက်ဆံချင်သည်။ အကျဉ်းသားတစ်ဦးလို နေစေချင်သည်။ အပြစ်ရှိ၍ ထောင်ကျခြင်းဖြစ်သောကြောင့် အကျဉ်းသားတစ်ဦးလို့သာ သတ်မှတ်ကြသည်။ ယင်းသို့သော ထောင်ဝန်ထမ်း၊ ထောင်မှုးတို့နှင့်တွေ့ပါက ဆွမ်းဘုဉ်းပေးဖို့ အခက်ဖြစ်ရသည်။ တစ်ခါတစ်ရံတွင် ဆွမ်းကပ်မည့် ကပ္ပိယပေါ်မလာတာမျိုးလည်း ဖြစ်တတ်သည်ဟု ဆရာတော်က မိန့်သည်။

ဦးပဉ္စင်းသည် ထောက်လှမ်းရေးက လှူဒါန်းသော ဝန်ထမ်းသက်သာဆိုင်က ထမင်းကို သိပ်ကြာကြာ ဘုဉ်းမပေးလိုက်ရ။ ထောက်လှမ်းရေးအဖွဲ့ဝင်များ အဖမ်းခံရသည့်နောက်ပိုင်းမှာတော့ ထိုအခွင့်အရေး ဆုံးရှုံးလေတော့သည်။

" ထောက်လှမ်းရေးရှိတုန်းက ထောင်ထမင်း မစားရဘူး။ ထောက်လှမ်းရေးပြုတ်မှ ထောင်ထမင်း ပြန်စားရတာ၊ ဟားး ဟားး ဟားး"ဟု ထောင်ထဲတွင် ကြုံတွေ့ခဲ့ရသည့် မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုကို သဘောကျရယ်မောကာ ဆရာတော်က ပြန်ပြောပြသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ ရာထူးမှ ဖယ်ရှားခံလိုက်ရသည့်နောက်မှာတော့ ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ပိုမိုဆင်းရဲဒုက္ခရောက်ခဲ့ရသည်ဟု ဆရာတော်က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထောက်လှမ်းရေးများရှိစဉ်က နိုင်ငံရေးအကျဉ်းသားများကို ထောက်လှမ်းရေးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်က မပိုင်။ နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းများက လက်ဖြင့်ပင် တို့ထိခွင့်မရှိဟု ဆိုသည်။

ထောက်လှမ်းရေးများ မရှိတော့သည့်နောက်မှာတော့ နိုင်ငံရေးအကျဉ်းသားများကို ထောင်က အုပ်ချုပ်သည်။ ယင်းနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများကို အခန်းတွင်းမှ ထုတ်ရိုက်ခြင်း၊ ပြေးထိုးခြင်း၊ ခြေထောက်နှင့်ပြေးကန်ခြင်း၊ ဆဲဆိုခြင်းနှင့် သတ်ပစ်ခြင်းတို့ပါ ဖြစ်လာခဲ့သည်ဟု ဆရာတော်က ဆိုသည်။

" ကိုယ်တော်တစ်ပါးဆိုရင် ထောင်မှုးက ခေါင်းကို ဖိနပ်နဲ့တက်နင်းတာ။ ခေါင်းကို တက်နင်းပြီးမှ ရိုက်တာ။ တော်တော်ဆင်းရဲတယ် " ဟု ထောက်လှမ်းရေးများ ပြုတ်သွားပြီးနောက် ကြုံတွေ့ရသည့် အဖြစ်ပျက်များကို ပြန်ပြောပြသည်။

ယင်းသို့ အနိုင်ထက်ပြုကျင့်ခံရခြင်းမှာ အကြိမ်ပေါင်းများစွာကပင်ဖြစ်သည်။ သို့သော် ၂၀၀၆ တွင် ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် သေဆုံးခဲ့ပြီး သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ရပြီးသည့် နောက်ပိုင်းမှာတော့ ထောင်တွင်းအုပ်ချုပ်ရေးကို ပြုပြင်သွားခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားတို့ အသက်ရှုချောင်သွားခဲ့သည်ဟု ဆရာတော်က ဆိုသည်။

" သက်ဝင်းအောင်က အာဏာရှင်ရဲ့ အကျဉ်းသားဘဝနဲ့ နေရတာထက် သေရတာမြတ်တယ်ဆိုတဲ့ ပုံစံမျိုး ယူဆပုံရတယ်ဗျ။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ မသေရုံတမည်ပဲ (ထမင်း)စားပြီးတော့ ထောင်က ဆေးထိုးပေးရင် အထိုးမခံဘူး။ ထောင်က ဆေးတိုက်ရင် မသောက်ဘူး။

 ထောင်ဝန်ထမ်းတွေ၊ ထောင်ပိုင်တွေ၊ ညွှန်ချုပ်တွေ လာရင်လည်း စကားမပြောဘူး။ ခေါင်းငုံ့နေတယ်။ အဲဒါနဲ့ သေသွားတာ "ဟု ဦးဝီရသူက ထောင်ထဲတွင် သူတွေ့ဖူးသော ကိုသက်ဝင်းအောင်အကြောင်းကို ပြောပြသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                         အခန်း ( ၁၃ )

ဆရာတော်ဦးဝီရသူသည် အကျဉ်းကျစဉ်ကာလအတွင်း သံဃာတော်တစ်ပါးကဲ့သို့သာ ကျင့်ကြံနေထိုင်ခဲ့သည်။ ထောက်လှမ်းရေးက သင်္ကန်းချွတ်ပြီး အရပ်ဝတ်အင်္ကျီ စတင်ဝတ်ခိုင်းကတည်းက ပုဆိုးကို သင်းပိုင်လို ဝတ်ဆင်ခဲ့သည်။ ပြီးလျှင် ဆွမ်းကိုလည်း သံဃာတော်များ ဆွမ်းဘုဉ်းပေးသည့်နည်းအတိုင်းသာ ဘုဉ်းပေးသည်။ ဘုန်းကြီးဖိနပ်စီးသည်။ ဦးခေါက်းကို ခေါင်းတုံးတုံးကာထားသည်။

တစ်ရက်တွင် ထောင်ပိုင်သည် ထောင်အတွင်း လှည့်လည်ကာ စစ်ဆေးသည်။ အခန်းအရှေ့သို့အရောက်တွင် ဦးပဉ္စင်းက "ဒကာကြီး" ဟု လွှတ်ခနဲ ခေါ်လိုက်မိသည်။ ထောင်ပိုင်က "အဲဒီလို မခေါ်နဲ့လေ။ ကိုယ့်ဘဝ ကိုယ့်အခြေနေ ပြန်ကြည့်ပေါ့ " ဟု ပြောကာ ထွက်သွားလေသည်။

ထောင်ပိုင်ဖြစ်သူက ဤမျှလောက်သာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ထောင်ပိုင်ပြန်သွားသောအခါ ထောင်မှူးက ဦးပဉ္စင်းအား စည်းကမ်းများ ထုတ်လေသည်။ ဘုန်းကြီးဖိနပ်များစီးခြင်း၊ ပုဆိုးကို သင်းပိုင်လို ဝတ်ခြင်း၊ ခေါင်းတုံးတုံးခြင်းတို့ကို တားမြစ်သည်။ ဒကာကြီးလို့ ခေါ်ခြင်း၊ အရှင်ဘုရား တပည့်တော် စသည့် အသုံးအနှုန်းများကို အသုံးမပြုရန် ထောင်မှုးက ဦးပဉ္စင်းအား ခေါ်ပြောလေသည်။

" သူများတွေ အလ္လာရှင်မြတ်ရဲ့ အမိန့်တော်ခံပြီးတော့တောင် အသေခံသေးတာပဲ။ ရှေ့တန်းက တိုက်စစ်မှုးဖြစ်တဲ့ ဘုန်းကြီးက ဘုန်းကြီးအခွင့်ရေးလေးတော့ တောင်းသင့်တယ်ပေါ့လေ။ ဘုန်းကြီးအခွင့်ရေးမရရင်လည်း အသေခံသင့်တာပေါ့။ အဲဒါနဲ့ ခေါင်းတုံးကို ပြောင်အောင်ရိတ်၊ သင်းပိုင်ကို အကြီးကြီးလိပ်၊ ဘုန်းကြီးဖိနပ်စီးသွားပြီး ထောင်မှုးကို စိန်ခေါ်တာ " ဟု ထောင်ထဲတွင် သံဃတော်တစ်ပါးလို ကျင့်ကြံနေထိုင်ရန်အတွက် တောင်းဆိုရင်ဆိုင်ခဲ့ရပုံကို ဆရာတော်က ရှင်းပြသည်။

ဦးပဉ္စင်းက ထိုသိုဝတ်ဆင်သွားသည့်အခါတွင် ထောင်မှူးက ဘာမှပြန်မပြောဘဲ ရှောင်ပြေးသွားသည်ဟု ဦးပဉ္စင်းက ဆိုသည်။ သို့သော် နောက်ရက် တန်းပိတ်ချိန်တွင် ဦးပဉ္စင်းအား ခေါင်းတုံးတုံးပေးသည့်သူကို ခေါ်စစ်ပြီး တန်းစီးအားလုံးကို လူချိန်းပစ်လိုက်ကြသည်။ ထို့ပြင် ဦးပဉ္စင်းအနားသို့လည်း မည်သူမျှ မဝင်ရ၊ မထွက်ရဆိုသည့် စည်းကမ်းများကိုလည်း ထုတ်ပြန်လိုက်သည်။

" အဲ့ဒီထောင်မှူးလည်း ဦးဇင်းကို ဒုက္ခပေးပြီး မကြာခင် မြစ်ကြီးနားပြောင်းသွားတယ်။ မြစ်ကြီးနားရောက်တော့ မိန်းမနဲ့သမီးက ကားအက်ဆီးဒင့်ဖြစ်ပြီး မိန်းမသေတယ်။ သမီးက ဆေးရုံရောက်တယ်။ သူက တာဝန်မှုးကျတဲ့အချိန် ထောင်ဖောက်ပြေးလို့ သူ အလုပ်ပြုတ်တယ်။ ဘုန်းကြီးကို ပြစ်မှားခဲ့တဲ့ အကုသိုလ်အကျိုးပေးတာပေါ့ "ဟု ထို့စဉ်က သူ့အပေါ် ပြစ်မှားခဲ့သည့် ထောင်မှုးတစ်ဦး၏အဖြစ်ကို ဆရာတော်က မိန့်သည်။

မန္တလေးအကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည့်ရက်များတွင် ဆရာတော်ဦးဝီရသူအတွက်တော့ နေ့စဉ်အလုပ်များက တန်းစီကာနေသည်။ သူကိုယ်တိုင်ကလည်း နေ့စဉ်လုပ်စရာများကို ဇယားဆွဲကာထားသည်။ တစ်နေ့တာအတွက် စာမဖတ်ဖြစ်သောနေ့ မရှိ၊ တရားမလုပ်ဖြစ်သောနေ့ မရှိ၊

အင်တာမဗျူးသောနေ့ မရှိ၊ စာမရေးသောနေ့ မရှိ။ ထိုအလုပ်လေးခုကို လုပ်ကိုင်ခြင်းဖြင့် တစ်နေ့တာအချိန်များကို ကုန်ဆုံးစေခဲ့သည်။ အကျဉ်းကျနေသည့်အချိန်များတွင် ဖတ်စရာစာအုပ်နှင့် ရှုမှတ်ကျင့်ကြံစရာ တရားမရှိဘူးဆိုပါက ရူးသွပ်သွားနိုင်သည်ဟု ဦးဝီရသူက ဆိုသည်။

" ထောင်ထဲမှာ 'လွတ်' သတင်းမမျှော်တဲ့ အကျဉ်းသားရှားတယ်။ 'လွတ်' အကြောင်းမပြောတဲ့ အကျဉ်းသားဆိုရင် ဦးဇင်းတစ်ပါးကိုပဲ လက်ညှိုးထိုးကြတယ် "ဟု ဦးဝီရသူက ဆိုသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်သို့ လာရောက်သည့်အခါမျိုးတွင် နိုင်ငံရေးအကျဉ်းသားအများစုသည် လွတ်ငြိမ်းချမ်းသာခွင့်ရတော့မည်။ အကျဉ်းထောင်မှ လွတ်မြောက်တော့မည်ဟု ယုံကြည်မျှော်လင့်ကြသည်။ မစ္စတာဂမ်ဘာရီ ရောက်လာသည်။

တကယ်တမ်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မလွတ်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်ဆိုတာကို လက်မလျှော့။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်း ရောက်လာလျှင်လည်း ထိုနည်းတူပင်။ ဒီတခေါက်တော့ လုံးဝကျိန်းသေလွတ်တော့မည်ဟု ယုံကြည်ကြပြန်သည်။ သို့တိုင် မည်သူမျှ မလွတ်။

ယင်းသို့ မည်သူလာလာ လွတ်မြောက်မည်ဟု ယုံကြည်နေကြသူများကို ဆရာတော်ဦးဝီရသူက " ဂမ်ဘာရီ အခေါက်တစ်ရာလာ မလွတ်စေရ။ ဘန်ကီမွန်း အခေါက်တစ်ရာလာ မလွတ်စေရ။ ကြာတော့ နိုင်ငံရေးသမားတွေဆိုရင် ကျုပ်ကို တော်တော်မုန်းတယ် "ဟု ဆိုသည်။

ဆရာတော်သည် ငယ်စဉ်ကတည်းက ကွမ်းမစား၊ ဆေးလိပ်မသောက်၊ ကော်ဖီမသောက်၊ လက်ဖက်ရည်မသောက်၊ အရက်မသောက်သောကြောင့် "ဦးဇင်းဗိုက်ထဲမှာ အမှိုက်တွေ သိပ်မရှိဘူး" ဟု ဆိုသည်။

ထို့ကြောင့် ထောင်ထဲတွင် ဆေးလိပ်ကြိုက်သူ၊ ကွမ်းယာကြိုက်သူတို့ကို တွေ့ရသောအခါ သူတို့၏ ဒုက္ခကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။ ၎င်းတို့သည် ဆေးရွက်နည်းနည်းကို သတင်းစာဖြင့်လိပ်ကာ အာသာပြေရုံ သောက်ရသည်။

ဗာဒံရွက်ကို အခြောက်ခံကာ ပွတ်ချွန်းလုပ်ပြီး သောက်ရသည်။ ထောင်ထဲတွင် ဆေးလိပ်တစ်လိပ်လျှင် လေး၊ငါးရာကျပ်ဖြင့် ဝယ်ယူကာ သောက်ကြရသည်ဟု ဆိုသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                            အခန်း ( ၁၄ )

ဦးပဉ္စင်း ထောင်ထဲသို့ရောက်သည့်အချိန်က ထောင်ထဲသို့ တရားစာအုပ်များ သွင်းခွင့်ရနေပြီဖြစ်သည်။ သို့သော် စာအုပ်သွင်းရာတွင် စည်းကမ်းတချို့တော့ရှိသည်။ မိမိကြိုက်သလောက် သွင်းခွင့်မရ။ သုံးအုပ်၊ လေးအုပ်ခန့်သာ သွင်းခွင့်ရသည်။

ထိုစာအုပ်များကို တခြားသောသူထံသို့ လက်လွှဲငှားရမ်းခြင်းမပြုရ။ မိမိသွင်းယူထားသည့်စာအုပ်ကို မိမိသာ ဖတ်ခွင့်ရှိသည်။

ထောင်ထဲတွင် စာဖတ်ရခြင်းနှင့် ပတ်သက်၍ နောက်ထပ်ကြုံတွေ့ရသည့် အခက်အခဲတစ်ခုက သတင်းစာတစ်စောင်ကို အလုအယက် ဖတ်ရခြင်းပင်ဖြစ်သည်။ သတင်းစာတစ်စောင်ရောက်လာလျှင် နေ့စဉ် ပြသနာတက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခြောက်တိုက်တွင် သတင်းစာတစ်စောင်သာ ရသောကြောင့်ဖြစ်သည်။

တိုက်ခြောက်တိုက်ကို ကြည့်မည်ဆိုလျှင် အခန်း ၁၅ ခန်း ရှိသည့်တိုက်က လေးတိုက်၊ အခန်း ခုနှစ်ခန်းရှိသည့်တိုက်က နှစ်တိုက်ဖြစ်သည်။ အခန်းတစ်ခန်းလျှင် အကျဉ်းသားလေးဦးခန့် နေသည်။ ထို့ကြောင့် ယင်းတိုက် ခြောက်တိုက်တွင်နေသော အကျဉ်းသားက ၃၀၀ နီးပါးခန့် ဖြစ်သည်။ ထိုအကျဉ်းသား ၃၀၀ ဦးခန့်က သတင်းစာတစ်စောင်ကို ဖတ်နေရသည့် သဘောဖြစ်လေ၏။

ထို့ကြောင့် သတင်းစာတစ်စောင် ရောက်လာပါက တိုက်တစ်တိုက်နှင့်တစ်တိုက် လုကြသည်။ အခန်းတစ်ခန်းနှင့် တစ်ခန်းလုကြသည်။ ထိုသို့ အလုအယက်ဖတ်ကြသည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများက အဓိကဖြစ်ပြီး ၎င်းတို့အနက် တချို့မှာ ဝါရင့်သမ္ဘာရင့် နိုင်ငံရေးအကျဉ်းသားများပင် ပါဝင်တတ်ကြသည်ဟု ဆရာတော်က ဆိုသည်။

ထို့ကြောင့် တရက်တွင် ထောင်အတွင်းသို့ ထောင်ပိုင်၊ ထောင်မှုးများနှင့် ထောင်ဝန်ထမ်းများ လှည့်လည်ကြည့်ရှုသည့်အခါတွင် ဆရာတော်က ထောင်အတွင်း သတင်းစာဖတ်ရသည့် အခြေအနေကို ရှင်းပြပြီး သတင်းစာစောင်ရေ ပိုပေးရန် တောင်းဆိုသည်။

 နေ့စဉ် သတင်းစာကို ထောင်မှ ဝယ်ပေးနိုင်ခြင်းမရှိပါက မိမိတို့၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်ယူမည့်အကြောင်း တင်ပြလိုက်သည်။

ထိုအခါ ထောင်ပိုင်က ထောင်မှူးနှင့် သူ၏ဝန်ထမ်းများကို မေးမြန်းစုံစမ်းကာ တိုက်နှစ်တိုက်လျှင် သတင်းစာတစ်စောင် ပုံမှန်ပေးရန်အတွက် ချက်ချင်းဆုံးဖြတ်ပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင်တော့ အခြားသောစာအုပ်များလည်း သွင်းခွင့်ရလာခဲ့သည်။ သတင်းစာဆိုလျှင်လည်း အကျဉ်းသားတစ်ဦးလျှင် တစ်စောင်နှုန်းသွင်းခွင့်ပြုခဲ့သည်ဟု ဆရာတော်က ဆိုသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် အစိုးရပိုင်သတင်းစာများသာရှိပြီး ပုဂ္ဂလိကပိုင်အဖြစ် ဂျာနယ်ကိုသာ ထုတ်ခွင့်ပြုသေးသည်။

ထောင်အတွင်းသို့ အစိုးရပိုင်သတင်းစာများ လွတ်လွတ်လပ်လပ်သွင်းခွင့်ရလာသည့် နောက်ပိုင်းမှာတော့ သတင်းစာအပြင် ပုဂ္ဂလိကဂျာနယ်များပါ သွင်းယူခွင့်ပြုခဲ့ကြသည်။ ထို့အပြင် တရားဝင်ခွင့်ပြုထားသည့် မည်သည့် ဘာသာရေးစာအုပ်မဆို သွင်းယူဖတ်ရှုခွင့်ပြုခဲ့ကြသည်။

" စာအုပ်တွေ လွတ်လပ်စွာဖတ်ခွင့်ရတော့ အကျဉ်းသားတွေအတွက်လည်း မဆိုးဘူး။ သေဒဏ်ကျနေတဲ့ ကြိုးသမားတွေကိုယ်တိုင်လည်း စာကြီး၊ ပေကြီးဖတ်လာတယ်။ စာတွေပေတွေ ရေးလာကြတယ် " ဟု ဆရာတော်ဦးဝီရသူက ဆိုသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                        ဆက်လက်ဖော်ပြပေးပါဦးမည်။
ဒီ " တစ်ကမ္ဘာလုံးနှင့် တစ်ယောက် " စာအုပ်ကို ဖတ်ဖူးပြီးသူလည်း ရှိကြသည်၊ မဖတ်ရသေးသူများလည်း များစွာ ရှိသည် ။ မိမိ ဖတ်ဖူးတယ်ဆိုရင် မဖတ်ရသေးသူများအတွက် Share လုပ်ပေးကြပါ ။
မြနန်းဆရာတော်faceboo Pageမှ ကူးယူဖော်ပြအပ်ပါသည်။
Powered by Blogger.