တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း-၇၊၈၊၉ ၊၁၀၊

တစ်ကမ္ဘာလုံးနှင့်တစ်ယောက်  အခန်း-၇၊၈၊၉ ၊၁၀၊
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -------------
                                   အခန်း(၇)

မန္တလေးနှင့် အမရပူရရှိ သုသာန်များတွင် အမျိုးသားရေးတရားများကို မျက်နှာဖုံးစွပ်ကာ ဟောပြောခဲ့သော ဦးဝီရသူသည် ကျောင်းထိုင်ဆရာတော်ကြီး၏ တားမြစ်မှုကြောင့် အမျိုးသားရေးတရားများ ဆက်လက်ဟောပြောခြင်းမပြုတော့ပဲ သကျဇေယျစာမေးပွဲကို ဖြေဆိုရန် ကြိုးစားခဲ့သည်။

ယင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့်နောက် ၂၀၀၁ မေ မှာတော့ သူ၏ အမျိုးသားရေးတရားများကို ပြန်လည်ဟောကြားခဲ့သည်။ သူ၏ ဟောကြားမှုများသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို လေယာဉ်ပျံနှင့် ဝင်အတိုက်ခံခဲ့ရသည့် ၉/၁၁ ဖြစ်စဉ်ထက် စောသည်ဟု ဦးပဉ္စင်းက ဆိုသည်။ ပလ္လင်အထက်တွင် ဟောကြားခဲ့သော ပထမဆုံးတရားပွဲက ကြံခင်းမြို့တွင်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဆရာတော်ဦးဝီရသူသည် နှစ်စဉ် နွေရာသီတွင် လာရောက်ကာ စာဝါချပေးတတ်သည်။ ယင်းကျောင်းတွင် ဓမ္မာစရိယကိုယ်တော် အပါးသုံးဆယ် လေးဆယ်ခန့် အမြဲရှိတတ်သည်။ တစ်ရက်လျှင် သုံး လေးကြိမ်မျှ စာဝါချပေးရသည်။ ထိုသို့ စာဝါချပေးရာတွင် အမျိုးသားရေးတရားများကို အမြဲထည့်သွင်း ပြောကြားလေ့ရှိလေသည်။ ယင်းသင်တန်းသို့ ကျေးရွာသူ ရွာသားများ လာရောက်နားထောင်ကြသည်။

ယင်းနောက်မှာတော့ ယဉ်ကျေးမှုသင်တန်းဆိုသည့်အမည်ဖြင့် သင်တန်းတစ်ခုခေါ်လိုက်သည်။ ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများနှင့် ကျေးရွာသူ ကျေးရွာသားတို့ တက်ရောက်ခဲ့ကြသည်။ ထိုသင်တန်းတွင် ဦးပဉ္စင်းက မြန်မာနိုင်ငံမြေပုံကို ဆွဲလိုက်သည်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ် မောင်းတောမြို့သို့ ဘင်္ဂါလီများ ဝင်ရောက်လာပုံ မောင်းတောမြို့မှတစ်ဆင့် ဘူးသီးတောင် ရသေ့တောင်မြို့များသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြပြီး မြန်မာပြည်ထဲသို့ ရောက်လာကာ သူတို့နိုင်ငံအဖြစ် ထူထောင်ကြပုံများကို ဦးပဉ္စင်းက မြေပုံနှင့်တကွ ရှင်းပြခဲ့သည်ဟုဆိုသည်။

"ဆရာ ဆရာမတွေအားလုံး မျက်စိပွင့်သွားပြီး တရားပွဲတောင်းဆိုတော့ ဦးဇင်းလည်း ဟောလိုက်တာပေါ့"ဟု ဦးဝီရသူက မိန့်သည်။
ဤသို့ဖြင့် ဦးဝီရသူသည် အမျိုးသားရေးတရားများကို ပြန်လည်ဟောကြားဖို့အတွက် အကြောင်းဖန်လာလေတော့သည်။

ပထမဆုံးဟောသည့် တရားပွဲက ကဆုန်လဆန်း ၈ ရက် ဥပုသ်နေ့ဖြစ်သည်။ ယင်းတရားပွဲပြီးသည့်နောက် ကဆုန်လပြည့်နေ့တွင်လည်း ထပ်မံဟောကြားပေးရန် ကြံခင်းတစ်နယ်လုံးမှ ဆင်းပြီး တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ဦးပဉ္စင်းသည် နောက်တစ်ပွဲ ထပ်မံဟောကြားခဲ့ရသည်။

ဟောကြားခဲ့သည့် အကြောင်းအရာများက ပထမတရားပွဲတွင် မွတ်စလင်ဘာသာဝင်တို့၏ ငွေအသပြာကို ယူခြင်း အမျိုးသမီးများကို ယူခြင်း မြေယာတွေကိုယူခြင်းနှင့် သာသနာသိမ်းပိုက်ခြင်းစသည်တို့ကို ဥပမာ သာဓကတို့ဖြင့် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယတရားပွဲတွင်တော့ ယင်းသို့ တဖြည်းဖြည်းသိမ်းပိုက်ခံရမှုများကို မည်သို့ ကာကွယ်ရမည်ဆိုသည့် ခုခံကာကွယ်သည့် နည်းလမ်းများကို ဟောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ နှစ်ရက်ဆက်တိုက် ဟောကြားပြီးသည့်နောက်မှာတော့ တရားပွဲသတင်းသည် ကြံခင်းတစ်မြို့နယ်လုံး ပျံ့နှံ့သွားသည်။ ဒေသခံ အစိုးရဌာနဆိုင်ရာများက ဦးပဉ္စင်းကို ဖမ်းဆီးမည်ဆိုသည့်သတင်းများ ထွက်လာသည်။ သံဃာတော်များကလည်း ဆူပူအောင်လုပ်သည်ဟုဆိုကာ ဦးပဉ္စင်းဦးဝီရသူကို ဝိုင်းကြဉ်မည်ဟု ဆိုကြသည်။ ထို့ကြောင့် တရားပွဲအား ဆက်မဟောတော့ဘဲ စာဝါပို့ချသည့် သင်တန်းပြီးဆုံးသည်နှင့် မန္တလေးသို့ ပြန်ကြွခဲ့ရသည်။

"အခက်အခဲတော့ ရှိတယ်။ စိုးရိမ်တာမျိုးတော့ မဖြစ်ဘူး။ ထောက်လှမ်းရေးတွေက ဟိုဟာလာမေး ဒီဟာလာမေးနဲ့တော့ ဒေါသတော့ ဖြစ်တာပေါ့"ဟု ပထမဆုံးဟောကြားခဲ့ရသည့် တရားပွဲအတွေ့အကြုံကို ဦးပဉ္စင်းက ရှင်းပြသည်။
ကြံခင်းမြို့တွင် နှစ်ရက်တာ ဟောကြားခဲ့သည့် တရားပွဲနှစ်ပွဲကို ပေါင်းကာ

"ထလော့ မြန်မာ ရွှေမြန်မာ"ဆိုသည့် တိပ်ခွေသုံးခွေထွက်လာသည်။ ထိုတိပ်ခွေသုံးခွေကို သင်တန်းတက်ရောက်လာသည့် သံဃာများက သင်တန်းပြီးဆုံးသည့်အခါတွင် အသီးသီးကူးယူကာ အနယ်နယ်အရပ်ရပ်သို့ ပြန်သွားကြသည်။ ဤနည်းဖြင့် ဦးဝီရသူ၏ တရားခွေသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

ဦးပဉ္စင်းဦးဝီရသူ မန္တလေးသို့ မရောက်ခင်မှာပင် "ထလော့ မြန်မာ ရွှေမြန်မာ" ဆိုသည့် တိပ်ခွေသုံးခွေသည် မန္တလေးသို့ ကြိုတင်ရောက်နှင့်နေပြီဖြစ်သည်။
"အဲ့ဒီကနေ မထင်မှတ်ဘဲနဲ့ ဓမ္မကထိက ဖြစ်သွားတာပေါ့" ဟု သူက ရှင်းပြသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ---------------------
                                             အခန်း-၈
                                        - - - - - - - - - - - - -
ထို့နောက်မှာတော့ ဆရာတော်ဦးဝီရသူကို ဟိုကပင့် ဒီကပင့်ဖြင့် အကျဉ်းမကျခင် သုံးနှစ်လုံးလုံး (၂၀၀၁ ၂၀၀၂ ၂၀၀၃) နယ်တကာလှည့်ကာ တရားဟောခဲ့ရသည်။ ရန်ကုန်တွင် ဟောကြားခဲ့သည့် တရားများအနက် "လက်ဖဝါးပေါ်က ကံကြမ္မာ" "မိခင်ရွာမှ သာသနာ" တို့မှာ တရားနာသူတို့ အကြိုက်တွေ့ခဲ့သည့် တရားများဖြစ်သည်ဟု ဦးပဉ္စင်းက ဆိုသည်။

ထိုကဲ့သို့ အမျိုးသားရေးတရားများဟောကြားနေမှုကို ဦးပဉ္စင်း၏ ဆရာသမားဖြစ်သူ ဆရာတော်ကြီးကလည်း မတားမြစ်တော့ပါ။ အစိုးရနှင့် အတိုက်အခံမလုပ်ဖို့လောက်သာ တားမြစ်ထိန်းကျောင်းပေး၏။ ဦးဝီရသူကိုယ်တိုင်လည်း မစိုးရိမ်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။

တရားပွဲများ လိုက်လံဟောကြားရာမှာ အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်။ အစိုးရက ပွဲမိန့်ချမပေးတာမျိုး လုပ်တတ်သည်။ တစ်ခါတစ်ရံတွင် ညရှစ်နာရီစမည့် တရားပွဲကို ညခုနှစ်နာရီအချိန်ထိ ပွဲမိန့်ကို မချပေး။ ထိုအခါ မဖြစ်မနေဟောရတာမျိုးလည်း လုပ်ရသည်။ မ့ယ့က၊ ခ့ယ့က လူကြီးတွေကိုယ်တိုင် တရားပွဲသို့ လာရောက်တားမြစ်တာမျိုးလည်း ကြုံဖူးသည်။ ဖမ်းမည်၊ ဆီးမည်ဟုလည်း မကြာခဏ ခြိမ်းခြောက်ခံရဖူးသည်။

ယင်းတရားပွဲတို့အနက် ဦးပဉ္စင်း မှတ်မှတ်ရရဖြစ်ခဲ့သည့် လယ်ဝေးမြို့နယ်က တရားပွဲအတွေ့အကြုံကို ဦးပဉ္စင်းက ယခုလို ပြောပြသည်။

"မ့ယ့က၊ ခ့ယ့က လူကြီးတွေကိုယ်တိုင်က မဟောဖို့ တားတယ်။ အဲဒီတော့ ဦးဇင်းက ဟောမှာပဲ၊ ဟောတဲ့အခါ အပြစ်အနာအဆာတွေ့ရင် ချက်ချင်းဖမ်း၊ ပုလ္လင်ပေါ်က ဆင်းတာနဲ့ သေးတောင် မပေါက်ပါဘူး။ ဒကာကြီးတို့ ကားပေါ်ကို တန်းတက်ခဲ့မယ်လို့ ပြန်ပြောလိုက်တယ်" ဟု ဆိုသည်။

အလားတူ မန္တလေးမြို့ ၊ ထောက်လှမ်းရေး ၁၆မှ တပ်မှုးတစ်ဦးကလည်း ဦးပဉ္စင်းကို ခေါင်းရိုက်ခွဲမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
အစိုးရဌာနများ မကြိုက်ကြသည့်အကြောင်းမှာ အစ္စလာမ်ဘာသာဝင်နှင့်ပေါင်းပြီး အစိုးရဝန်ထမ်းများက အဂတိလိုက်စားကြသည့်အကြောင်းတို့ကို ဦးပဉ္စင်းက ဟောကြားခြင်းကြောင့်ဖြစ်သည်။ ထိုစဉ်က အစိုးရကို ဝေဖန်ထောက်ပြသည့် ဘုန်းကြီးသိပ်မရှိဟု ဦးပဉ္စင်းက ဆိုသည်။

"ဥပမာ- လူဝတ်သောက်(Without)၊ ဘုန်းကြီးဝတ်သောက်၊ ကားဝတ်သောက်၊ အစိုးရဝတ်သောက်၊ အဲဒါတွေ ထည့်ဟောတယ်။ သူတို့အစိုးရကို ဝတ်သောက်အစိုးရလို့ ပြောရမလားဆိုပြီး အငြိုးထားတယ်" ဟု ဦးပဉ္စင်းက အစိုးရကိုဟောကြားခဲ့သည့် ဝေဖန်မှုတစ်ခုအား ပြောပြသည်။

ဆရာတော်ဦးဝီရသူက အမျိုးသားရေးတရားများကို ဦးစွာလိုက်လံ ဟောကြားခဲ့ပြီးနောက်ပိုင်းမှာတော့ ဖြူးဆရာတော်ကြီးအပါအဝင် ဆရာတော်တချို့သည်လည်း လိုင်းပြောင်းကာ အမျိုးသားရေးတရားများကို လိုက်လံဟောကြားလာခဲ့သည်ဟု သူကဆိုသည်။

"သူ(ဖြူးဆရာတော်) ဟောတာက ဦးဇင်းထက် ကျယ်ပြန့်တယ်။ သူက နိုင်ငံကျော်၊ နာမည်ကျော် ဓမ္မကထိကဆိုတော့ ပွဲစိပ်လာတယ်။ ဦးဇင်းက စာချဘုန်းကြီးဆိုတော့ ပွဲမစိပ်ဘူး" ဟု ဆိုသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ------------------------
                                           အခန်း-၉
-                                       - - - - - - - - - - -
ဆရာတော်ဦးဝီရသူသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ၁၃၆၅ ခုနှစ် (၂၀၀၃) တော်သလင်းလပြည့်နေ့က တရားပွဲတစ်ပွဲ ကျင်းပခဲ့သည်။ ထိုတရားပွဲကျင်းပပြီး တစ်လကြာသည့်နောက် ကျောက်ဆည်မြို့ ၌ မွတ်ဆလင်နှင့် မြန်မာလူမျိုးများကြား အဓိကရုဏ်း ဖြစ်ပွားခဲ့လေတော့သည်။

"ဖြစ်တာက တိုက်ဆိုင်မှုပါပဲ။ အဓိကကတော့ ကိုယ်တော်လေးတွေ ဗဟုသုတအတွေ့အကြုံမရှိလို့ပဲ" ဟု ကျောက်ဆည်အရေးခင်းနှင့်ပတ်သက်၍ မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ဆရာတော်ဦးဝီရသူက ယင်းသို့ သုံးသပ်မိန့်ဆိုသည်။
သူအဖမ်းခံခဲ့ရသည့် ကျောက်ဆည်အရေးအခင်းနှင့်ပတ်သက်၍ မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ဆရာတော်က ယခုလို ဆက်လက်ရှင်းပြသည်။

ထိုအဓိကရုဏ်းဖြစ်သည့်နေ့ ညနေစောင်းအချိန်တွင် ကျောက်ဆည်မြို့ ၊ ကျောက်သင်္ဘောတောင်အောက်ဘက်ရှိ ဘုရားနီဟုခေါ်သည့် အုတ်ဂူနီအတွင်းသို့ မွတ်စလင်သုံးဦး လွယ်အိတ်၊ ကြိုးများနှင့် ဝင်သွားကြသည်။ ထိုအုတ်ဂူနီထဲတွင် ဘုရားရုပ်ပွားတော်များရှိလေသည်။ ယင်းကာလသည် ဆရာတော်ဦးဝီရသူက အမျိုးသားရေးတရားများ ဟောကြားထားသည့်အရှိန်ကြောင့် လူအများစုသည် မွတ်စလင်များအပေါ်သတိထားကာ စောင့်ကြည့်နေသည့်အချိန်လည်း ဖြစ်သည်။

ထို့ကြောင့် အုတ်ဂူနီဘုရားအတွင်းသို့ မွတ်စလင်သုံးဦးဝင်သွားသည်ကို တောင်ခြေရှိ ရပ်ကွက်လူများက သတိထားမိလိုက်ပြီး မသင်္ကာကြသဖြင့် ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။ တစ်ဦးက လွတ်မြောက်သွားပြီး ကျန်နှစ်ဦးကို ဖမ်းဆီးနိုင်လိုက်သည်။

" လုပ်ထုံးလုပ်နည်းမသိတော့ ဘုန်းကြီးတစ်ပါးက ရဲစခန်းပို့လိုက်ဆိုပြီး ခိုင်းလိုက်တယ်။ ပို့တဲ့နေရာမှာ ရိုးရိုးတန်းတန်းမပို့ပဲ လမ်းမှာ ရိုက်စစ်သွားတယ်။ လမ်းတစ်လျှောက်လုံး လူအုပ်ကြီးက လိုက်လာတာ။ လူအုပ်က အင်မတန်ကြီးသွားတာ "ဟု ဦးဝီရသူက ကျောက်ဆည်အရေးအခင်း စတင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြသည်။

လူအုပ်ကြီး ရဲစခန်းရှေ့ရောက်သည့်အခါတွင် ရဲစခန်းရှေ့ရှိ ဗလီမှမွတ်စလင်များနှင့် ထိပ်တိုက်တွေ့လေတော့သည်။ ထိုအခါ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အော်ဟစ်ကြရင်း လူအုပ်ကြီး၏မြှားဦးသည် ဗလီဘက်သို့ ရောက်သွားလေတော့သည်။ ရဲစခန်းမှ ရဲဝန်ထမ်းများလည်း မထိန်းနိုင်မသိမ်းကာ ဗလီမှာ မီးရှို့ခံလိုက်ရသည်ဟု ဆရာတော်က မိန့်သည်။

ထိုသို့ ဗလီမီးရှို့ခံလိုက်ရသည့်အခါတွင် ခရိုင်ဥက္ကဋ္ဌ၊ မယကဥက္ကဋ္ဌနှင့် စခန်းမှုးတို့သည် ဆရာတော်ဦးဝီရသူ၏ ဆရာအရင်း ငယ်ဆရာတော်ကြီးရှိရာ ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ထို့စဉ် ကျောင်းတွင် ဆရာတော်ကြီးက သံဃာတော်များ၏ ရှေ့ဆုံး၌ ဘုရားဝတ်တက်ကာနေသည်။ ဆရာတော်ကြီးက ဘုရားဝတ်တက်ပြီး သံဃာတော်များဘက် လှည့်ကာ စကားပြောရန်လုပ်စဉ် စောင့်ဆိုင်းကာနေသည့် စခန်းမှုးက့ 

" ဆရာတော်ဘုရား ကယ်ပါဦး "
" ဘယ်လိုဖြစ်တာတုံး "
" ဗလီမီးရှို့နေပါပြီ ကဟ်ပါဦးဘုရား၊ ကူပါဦးဘုရား "

ဆရာတော်ကြီးက အကျိုးအကြောင်း အစအဆုံး မေးကြည့်ပြီးသည့်နောက် ကျောင်းရှိ သံဃာတော်များကို သြဝါဒပေးသည်။ အကြီးငါးပါးကို သူနဲ့အတူလိုက်ရန် ခေါ်လိုက်ပြီး ကျန်သံဃာတော်များကို အပြင်လုံးဝ မထွက်ကြရန် မှာကြားလိုက်သည်။

" ကျောင်းတံခါးကို ပိတ်ထား၊ အပြင်မထွက်နဲ့။ ထွက်ရင် ထွက်တဲ့သူ ကျောင်းက နှင်ထုတ်မည် " ဟု ဆရာတော်ကြီးက မှာကြားခဲ့သည်ဟု ဦးဝီရသူက ပြန်လည်ရှင်းပြသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ဆရာတော်ကြီး ရောက်သွားသည့်အခါတွင် လက်ကိုင်ဟွန်းတိုလေးထုတ်ကာ တော်ကြဖို့အတွက် မေတ္တာရပ်ခံစကားဆိုသည်။ သို့သော် မရ။ ထိုအခါ သေနတ်ပစ်ကာ ခြောက်လှန့်ဖို့အတွက် အကြံပြုသည်။ သို့သော် သေနတ်ပစ်ခွင့်မရှိသလို မိုးပေါ်ထောင် ဖောက်ခွင့်လည်း မရှိ။ မီးများက ဗလီမှတစ်ဆင့် တခြားသောနေရာများသို့ ကူးစက်တော့မည်။

" မီးသတ်ကားကို လှမ်းခေါ်တယ်။ မီးသတ်ကားကလည်း ကူတယ်။ ဒါပေမယ့် မီးသတ်ကားမှာ ဆီမရှိဘူး " ဟု ထို့စဉ်က တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ဦးဝီရသူက ပြန်ပြောပြသည်။

ထို့ကြောင့် ဆရာတော်ကြီးက သူ၏ဘုန်းကြီးကျောင်းတွင်ရှိသော ဓါတ်ဆီကို သွားယူခိုင်းသည်။ မီးသတ်ကားကို ဆီဖြည့်ပြီးသည့်နောက် ဦးပဉ္စင်းနှစ်ပါး၊ သုံးပါးခန့်က မီးသတ်ကားပေါ်တက်ကာ လိုက်လံ မီးငြှိမ်းသတ်ပေးသည်။ ဤသို့ဖြင့် ဗလီတစ်လုံး မီးလောင်ခံရပြီးနောက် နောက်ထပ်ဗလီတစ်လုံးမှာ ထပ်မံလောင်ကျွမ်းခံခဲ့ရသည်။ တောရွာများဘက်မှ လူများလည်း အခင်းဖြစ်ပွားသည့်နေရာသို့ ထပ်မံရောက်လာခဲ့ရာ လူအုပ်ကြီးမှာ ပို၍ကြီးလာခဲ့သည်။

" ကြီးကြီးမားမားဖြစ်သွားတော့ မွတ်စလင်တွေ သေတဲ့အဆင့်အထိ ဖြစ်ကုန်တယ် " ဟု ဆရာတော်က မိန့်သည်။

ကျောက်ဆည်အရေးအခင်း ဖြစ်ပွားစဉ်က ဆရာတော်ဦးဝီရသူသည် မန္တလေးမြို့တွင် ရှိနေခဲ့သည်။ သတင်းကြားသဖြင့် ကျောက်ဆည်ကို ဆင်းလာခဲ့သော်လည်း လမ်းတွင် လုံခြုံရေးတပ်ဖွဲ့များက ကျော်ဆည်မြို့သို့ မည်သူကိုမျှ အဝင်မခံတော့။ ထို့ကြောင့် လမ်းတဝက်က လှည့်ပြန်ခဲ့ရသည်။

အဓိကရုဏ်းကြီး ပြီးသွားသည့်အခါမှာတော့ တရားခံရှာကြလေသည်။ အဓိက တရားခံနှစ်ဦးရှိသည်။ တစ်ဦးက ဦးဝီရသူ၏ ပရိယတ္တိငယ်ဆရာဖြစ်သည့် မင်းကုန်းဆရာတော်ဦးဇဋိတဖြစ်သည်။ မူလတန်း၊ အငယ်တန်း၊ အလယ်တန်းနှင့် အကြီးတန်းစသဖြင့် ခြောက်နှစ်ကြာ အတူနေခဲ့ရသူဖြစ်၏။

နောက်တစ်ဦးပ မြဘုရင် နို့ဆီလုပ်ငန်းပိုင်ရှင် ဦးဝင်းမောင်ဖြစ်သည်။ ထိုနှစ်ဦးအနက် အဖြစ်နိုင်ဆုံးမှာ မင်းကုန်းဆရာတော်ဟု ယူဆကြသည်။ ထို့ကြောင့် အဓိကရုဏ်းက ၁၈ရက်တွင် ဖြစ်ပွားခဲ့ပြီး ၂၂ ရက်မှာတော့ မင်းကုန်းဆရာတော်ကြီး အပါအဝင် သူ၏တပည့် လေးငါးပါး အဖမ်းခံလိုက်ရသည်။

" ဝီရသူနဲ့ မင်းကုန်းဆရာတော်က ဆရာတပည့်။ ဆရာတော်ကြီးခိုင်းလို့ ဝီရသူလုပ်တာဖြစ်မယ်လို့ သူတို့က လိုရာဆွဲတွေးပြီး သုံးသပ်လိုက်တာ။ ဆရာတော်ကြီးက ဘာမှ မသိရှာဘူး " ဟု ဦးဝီရသူက ဆိုသည်။

ဆရာသမားအဖမ်းခံရသည်ဆိုသော သတင်းကြားသည့်အခါ ဦးဝီရသူသည် ဆရာဖြစ်သူကို လိုက်ရှာသည်။ သူ့စိတ်ထဲတွင် အပြစ်မရှိသော အဓိကရုဏ်းနဲ့ ဘာမှမပတ်သက်သည့် သူ၏ဆရာသမားကို လူကြီးလူကောင်းတွေလို ဧည့်ရိပ်သာတွင် ထားမည်ဟု တွေးနေမိခဲ့သည်။ ထို့ကြောင့် မန္တလေးနန်းတွင်းထဲတွင်လည်း လိုက်ရှာခဲ့သည်။ ကျောက်ဆည်မြို့သို့လည်း ရောက်ခဲ့သည်။ သို့သော် မတွေ့ခဲ့ရ။

အောက်တိုဘာ ၂၅ရက်မှာတော့ ဦးပဉ္စင်းဦးဝီရသူ မစိုးရိမ်ကျောင်းတိုက်၌ ရှိနေစဉ် တယ်လီဖုန်းဝင်လာသည်။ အမှုကိစ္စဆွေးနွေးရန်အတွက် ထောက်လှမ်းရေး (၁) ရုံးသို့ လာရန် ဖုန်းဆက်ခေါ်ခြင်းဖြစ်သည်။ မွတ်စလင်အိမ်တစ်အိမ်တွင် ကြိုးဆွဲချသေဆုံးသွားသည့် မိန်းကလေးတစ်ယောက်၏ အမှုကို ဆရာဝန်နှင့်ရဲ ပူးပေါင်းကာ အမှုဖျောက်လိုက်သည့်ကိစ္စကို ဦးပဉ္စင်းက ထောက်လှမ်းရေးနှင့် ပူးပေါင်းကာ စုံစမ်းနေခြင်းဖြစ်သည်။ ထောက်လှမ်းရေးနှင့် တွေ့လျှင်လည်း သူ၏ဆရာသမားအကြောင်းကို စုံစမ်းမည်ဟု တွေးလိုက်သည်။

" ခေါ်တဲ့အချိန်က ဆွမ်းစားချိန်။ ဆွမ်းစားဦးမယ်ဆိုတာ မရဘူး။ သူတို့ကပ်မယ်ပြောတယ်။ အဲဒါကို မရိပ်မိလိုက်ဘူး " ဟု သူက ဆိုသည်။

ထောက်လှမ်းရေး (၁)သို့ ရောက်သည့်အခါမှာတော့ ဆွမ်းကပ်သည်။ ဆွမ်းစားနေချိန်တွင် ထောက်လှမ်းရေးများက ဖုန်းတဂွမ်ဂွမ်ဖြင့် အလုပ်များ ရှုပ်ကာနေသည်။ သူ့အနားတွင် တပ်ကြပ်ကြီးတစ်ဦးသာ ရှိသည်။ ဆွမ်းစားပြီးသည့်နောက် ထောက်လှမ်းရေးတစ်ဦးက " အရှင်ဘုရား ဆရာတော်ကြီးနဲ့ တွေ့ဖို့ ကြွလို့ရပါပြီဘုရား " ဟု လျှောက်သည်။ ရုံးသို့လာရောက်ရန် ခေါ်စဉ်က အမှုကိစ္စဟုဆိုခဲ့ပြီး ယခုလျှောက်ထားသည့်အခါတွင် ဆရာတော်ကြီးနှင့် တွေ့ဖို့ဟု ဆိုသဖြင့် စိတ်ထဲ ထင့်ခနဲဖြစ်သွားသည်။

သို့သော် ထိုသံသယစိတ်လေးက ခဏအတွင်း ဖျတ်ခနဲ ပြန်ပျောက်သွားသည်။ ဦးပဉ္စင်းသည် အဖြူရောင်ဗင်ကားလေးပေါ်သို့ တက်လိုက်ရသည်။ ကားနောက်ခန်းတွင် ထိုင်လိုက်ရခြင်းဖြစ်၏။ ဘေးတစ်ဖက်စီတွင် ထောက်လှမ်းရေးက ညှပ်ကာထား၏။ ထိုအခါမှ " ငါ့ဖမ်းတာ ဖြစ်လောက်တယ် " ဟု ဦးပဉ္စင်းစိတ်ထဲက တွေးလိုက်မိလေသည်။

ထို့ထက်ပိုပြီး ကျိန်းသေတာက ဦးပဉ္စင်းကို ခေါ်ဆောင်သွားသည့်ကားသည် တစ်စီးတည်းမဟုတ်။ အရှေ့နှင့် အနောက်တွင် အတန်းလိုက်။ ထို့အပြင် ကားတန်းကြီးကို ဗီဒီယိုကလည်း လိုက်ရိုက်နေသေး၏။ အဖမ်းခံရမည်ဆိုပါကလည်း ဂုဏ်သိက္ခာရှိရှိ အဖမ်းခံမည်ဆိုသော အတွေးဖြင့် ဦးပဉ္စင်းသည် သင်္ကန်းကို သပ်သပ်ရပ်ရပ် ကောက်ရုံလိုက်သည်။ ဆရာသမားနှင့် တွေ့ပါကလည်း သင်္ကန်းလေးရုံထားသဖြင့် ဆရာသမားသဘောကျမည်ဖြစ်သည်။

သူအဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဦးဝီရသူက ယခုလို သုံးသပ်သည်။
" ဆရာသမားကို လိုက်ရှာနေတော့ ထောက်လှမ်းရေးက ခြေရာခံမိတာပေါ့။ အဲဒါနဲ့ ဦးပဉ္စင်းကို ထားလို့ မဖြစ်တော့ဘူးဆိုပြီးတော့ ဖမ်းတာပေါ့ "

ဦးပဉ္စင်းစီးလာသည့်ကားသည် မန္တလေးနန်းတွင်းထဲရောက်တော့ "စစ်အကျဉ်းထောင်" ဆိုသည့် ဆိုင်းဘုန်ရှေ့တွင် ရပ်လိုက်သည်။ ဆိုင်းဘုတ်အောက်တွင် စစ်သားနှစ်ယောက် မျက်နှာချင်းဆိုင်ကာ သေနတ်တစ်လက်စီ ကိုင်ထားကြသည်။ ထောက်လှမ်းရေးများ ရောက်လာသည့်အခါတွင် သေနတ်များကို ချလိုက်သည်။ အကျဉ်းထောင်၏ အထဲမှလည်း ဦးပဉ္စင်းကို ဗီဒီယိုကင်မရာဖြင့် ရိုက်ကာ မှတ်တမ်းတင်နေသည်။

" အဲဒီတော့မှ ငါ့ဖမ်းတာပဲလို့ ဆုံးဖြတ်ချက်ချတော့တယ် "ဟု ဦးပဉ္စင်းက ဆိုသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -----------------------
                                               အခန်း-၁၀
                                         - - - - - - - - - - - - - -
စစ်အကျဉ်းထောင်ထဲသို့ ရောက်သည့်အခါတွင် ဦးပဉ္စင်းအား သူ၏ ဆရာသမားနှင့် တွေ့ခွင့်ပေးသည်။ ဆရာတော်က သူ့ကို ဖြစ်ပျက်သမျှ အကြောင်းစုံကို ရှင်းပြ၏။

အောက်တိုဘာ ၂၂ ရက် ဆရာတော်ကြီးကို ဖမ်းစဉ်က အစည်းအဝေးဟုဆိုကာ ခေါ်သွားခြင်းဖြစ်သည်။ ထောက်လှမ်းရေးရုံးသို့ ရောက်သွားသောအခါ သင်္ကန်းဝတ်ရုံကို တန်းချွတ်သည်။ အဝတ်အစားလဲပြီးသည့်အခါ လက်နှစ်ဖက်ကို နောက်ပြန် လက်ထိပ်ခတ်လိုက်သည်။ မျက်နှာကို အဝတ်စည်းလိုက်၏။ ပြီးတော့ လူနာမည်ကိုခေါ်ကာ စားပွဲခုံကိုထုပြီး ခြိမ်းခြောက်လေ၏။ ဆရာတော်ကြီးကို စစ်ဆေးမေးမြန်းရာတွင် ခြေထောက်နှင့်ကန်သည်။ လက်သီးနှင့်ထိုးကြ၏။
ဆရာတော်ကြီး တွေ့ကြုံခဲ့ရသည်များကို ဦးပဉ္စင်းက ယခုလို ပြန်လည်မိန့်ကြားသည်။

" ဆရာတော်ကြီးက ငါ့ကို ရေလည်းမတိုက်ဘူး၊ ထမင်းလည်း မကျွေးဘူး၊ ဒီလိုပဲ ပစ်ထားကြတယ်။ ငါလည်း ဘာမှမသိဘူး။ ငါလုပ်တယ်၊ မလုပ်ဘူးဆိုတာ ဘုရားပဲသိတယ်။ ဘုရားကိုပဲ တိုင်တည်တယ်။ ဆရာတော်ကြီးကို ကြည့်ပြီး သနားသွားတယ် "

ထို့ကြောင့် ဦးပဉ္စင်းသည် သူအမြဲဆောင်ထားတတ်သည့် ရေဆူဆေးပြားကိုထုတ်ပြီး ဖန်ခွက်ထဲထည့်ကာ ဖျော်ပေးရန် ပြင်လိုက်စဉ် ဆရာတော်ကြီးက " ငါ့ကို တိုက်ပါ၊ ငါ့တိုက်ပါ "ဟု ဆိုပြီး သုံးခွက်ဆင့်ကာ သောက်ပစ်လိုက်သည်ဟု ဆရာတော်က ဆိုသည်။

ဆရာတော်ကြီးသည် ရိုက်နှက်၊ ထိုးကြိတ်မှုတွေကို မခံနိုင်သည့်အဆုံး " မင်းတို့ဖြစ်စေချင်တာ ရေးခဲ့။ ငါလက်မှတ်ထိုးပေးမယ် "ဟုဆိုကာ စစ်ဆေးမှုမှတ်တမ်းကို ဘာမျှ မကြည့်တော့ပဲ လက်မှတ်ထိုးပေးလိုက်တော့သည်ဟု ဆိုလေသည်။

" ရုံးထုတ်တော့ ဆရာတော်ကြီးကို လာခေါ်တဲ့ (အခင်းဖြစ်ပွားစဉ် လာခေါ်သည့်) သုံးယောက်က မခေါ်ဘူးဖြစ်သွားတယ်။ ဟွန်းတပ်ပြီး လူစုခွဲဖို့ ပြောတာကို ဗလီကို ဖျက်ခိုင်းတာ ဖြစ်သွားတယ်။ ဓါတ်ဆီယူခိုင်းတာကိုလည်း ဗလီရှို့ဖို့ ထုတ်ပေးတာဆိုပြီး ဖြစ်သွားတယ် "ဟု ဆရာတော်ကြီအား ရုံးတင်စစ်ဆေးသည့်အခါ တွေ့ကြုံရသည်တို့ကို ဦးဝီရသူက ရှင်းပြသည်။

ဤသို့ဖြင့် မင်းကုန်းဆရာတော် ဦးဇဋိတသည် လူသေမှု၊ မီးရှို့မှုများဖြင့် နှစ်ကျွန်းနှင့် ထောင်ဒဏ်ခုနှစ်နှစ် ကျခံခဲ့ရလေသည်။

" ဆရာတော်ကြီးက ရိုးရိုးအေးအေးကြီးပါ။ အခု ကျောက်ဆည်မှာ ရှိသေးတယ်။ စာသင်တိုက်မှာ မနေတော့ဘူး။ တောရဆောက်တည်နေတယ် "ဟု ဦးပဉ္စင်းက ဆိုသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -------------ဆက်လက်ဖော်ပြပေးပါဦးမည်။

ဒီ " တစ်ကမ္ဘာလုံးနှင့် တစ်ယောက် " စာအုပ်ကို ဖတ်ဖူးပြီးသူလည်း ရှိကြသည်၊ မဖတ်ရသေးသူများလည်း များစွာ ရှိသည် ။ မိမိ ဖတ်ဖူးတယ်ဆိုရင် မဖတ်ရသေးသူများအတွက် Share လုပ်ပေးကြပါ ။
မြနန်းဆရာတော်Facebook pageမှ ကူးယူဖော်ပြအပ်ပါသည်။
Powered by Blogger.