တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း-၃၊၄၊၅၊၆၊

တစ်ကမ္ဘာလုံးနှင့်တစ်ယောက် အခန်း-၃၊၄၊၅၊၆၊
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အခန်း(၃)
သည်လိုနှင့် သာသနာ့ဘောင်ထဲဝင်ရောက်မည့် အချိန်ခါသို့ ရောက်လာသည်။ မောင်ဝင်းခိုင်ဦး အသက် ၁၆ နှစ်အရွယ် ရှစ်တန်းစာမေးပွဲဖြေပြီးသည့် နောက်နေ့တွင် သင်္ကန်းစည်းခဲ့သည်။ မောင်ဝင်းခိုင်ဦးတွင် သင်္ကန်းစည်းချင်သည့် စိတ်ဖြစ်ပေါ်ခဲ့သည်မှာ လေးတန်းနှစ်ကျောင်းသားဘဝတည်းကဖြစ်၏။ ပုတီးမြင်လျှင် စိပ်ချင်သည်။ ဘုရားမြင်လျှင် ရှိခိုးချင်သည်။ သင်္ကန်းမြင်လျှင် ဝတ်ချင်သည်။ ကိုရင်ဝတ်ချင်သည့်စိတ်က လွန်ကဲ၍နေသည်။ ယင်းသို့ဖြစ်ခြင်းမှာလည်း စာပေကျမ်းဂန်များ ဖတ်ထားခြင်းကြောင့် မဟုတ်။ သင်္ကန်းစည်းရခြင်း၏ အကျိုးတရားများကို သိနေသောကြောင့် မဟုတ်။
သို့သော် ဖခင်ဖြစ်သူက ခွင့်မပြု... ကျောင်းပြီးအောင် တက်စေချင်သည်။ ဘွဲ့တစ်ခုရစေချက်သည်။ ထို့ကြောင့် မည်သို့ပင် ပူဆာသော်လည်း ခွင့်မပြုသဖြင့် သင်္ကန်းစည်းချင်သည့်စိတ်ကို မျိုသိပ်ကာနေခဲ့ရသည်။ သူ၏ဖခင်ဖြစ်သူက သူ့အမျိုးတွေအပေါ် မာနထားသည်။ အလှုကြီးအတန်းကြီးမပေးနိုင် ရှင်မပြုနိုင်ခြင်းကြောင့်လည်း သင်္ကန်းစည်းပေးဖို့ ကြန့်ကြာနေခြင်းဖြစ်သည်။
ထို့ကြောင့် ရှစ်တန်းစာမေးပွဲဖြေဆိုပြီး နောက်နေ့တွင် အမေဖြစ်သူ၏ မောင်အရင်းဖြစ်သော ဆရာတော်ကြီးရှိရာ ရိပ်သာတွင် သင်္ကန်းစည်းခဲ့သည်။ ပထမတွင် ခဏဝတ်မည်ဟု ရည်ရွယ်သည့်စိတ်လေး ဖြစ်ပေါ်လာသေးသည်။ သို့သော် သာသနာ့ဘောင်၏ ငြိမ်းအေးချမ်းသာမှုကို ခံစားလိုက်ရသည့်အခါတွင် အမြဲနေဖို့ ဆုံးဖြတ်ခဲ့လေတော့သည်။
ထိုသို့ အမြဲဝတ်ရန် ဆုံးဖြတ်လိုက်သည်ကို ဖခင်ဖြစ်သူနှင့် မိခင်ဖက်မှ ဆွေမျိုးများကလည်း တားကြသေးသည်။ ကျောင်းပြန်မတက်တော့သဖြင့် ဖခင်ဖြစ်သူက ဒေါသထွက်ကာ သူ့ခေါင်းကို အနားရှိတိုင်နှင့် ခေါင်းဆောင့်၏။ လက်သီးနှင့်ထိုး၏။ ဆယ်တန်းကိုပြီးအောင် ဖြေစေချင်သည်။ ပညာရေးတစ်ပိုင်းတစ်စဖြင့် ဟိုမရောက်ဒီမရောက် မဖြစ်စေလို။
သို့သော် မောင်ဝင်းခိုင်ဦးက ဆုံးဖြတ်ထားပြီးဖြစ်ရာ "ကျုပ်ရဲ့ ရည်ရွယ်ချက်ကို သိကြားမင်း ဆင်းဖျက်တာတောင် မပျက်ဘူး"ဟု အဖေ့ကို တော်လှန်သည့် စကားတစ်ခွန်းပင် ဆိုခဲ့သေးသည်။ အမေဖြစ်သူကတော့ မောင်ဝင်းခိုင်ဦး၏သဘောအတိုင်းသာဖြစ်သည်။
ထို့စဉ်က အမြဲတမ်း သင်္ကန်းဝတ်ဖို့အတွက် ဆရာတော်ကြီးအား လျှောက်ခဲ့သည်။ ဆရာတော်ကြီးက စဉ်းစားဖို့အတွက် သုံးလအချိန်ပေး၏။ ထိုအချိန်နှင့် တိုက်ဆိုင်စွာ ရှစ်တန်းစာမေးပွဲအောင်စာရင်းများ ထွက်လာခဲ့သည်။ အောင်စာရင်းတွင် သူငယ်ချင်းတို့က ဂုဏ်ထူးများနှင့် အောင်မြင်ကြပြီး ဦးပဉ္စင်းမှာ ရိုးရိုးသာ အောင်မြင်ခဲ့သည်။
"ရှက်သွားတာလည်းပါတယ်။ (စာမေးပွဲ)အောင်တော့ အောင်တယ်။ ကျုပ်က ရိုးရိုးပဲအောင်တယ်"ဟု သင်္ကန်းအမြဲဝတ်ရန် ဆုံးဖြတ်ဖြစ်လိုက်သည့် အကြောင်းအရာတစ်ခုကို ဦးဝီရသူက မိန့်ဆိုသည်။
သို့သော် ဦးပဉ္စင်းကိုယ်တိုင်ကလည်း လူ့ဘောင်နှင့်မတူသည့် သာသနာ့ဘောင်တွင် ရေရှည်နေရဖို့အတွက် အရှည်ကြီးတွေးခဲ့ရသည်။ လွန်ဆွဲမှုများ ရှိခဲ့သည်။ ကျောင်းလည်း ပြန်တက်ချင်သည်။ ကျောင်းလည်း ပြန်တက်ချင်သည်။ ကျောင်းပြန်တက်ကာ ဘွဲ့လေးတစ်ခုလောက်ယူ၍ အဆင့်တန်းမြင့်မြင့်နေနိုင်အောင် ကြိုးစားမလားလို့လည်း တွေးမိသည်။
ထိုသို့ ကျောင်းသားဘဝကို စွန့်လွှတ်ကာ ငယ်ရွယ်သည့်အချိန်တွင် သင်္ကန်းဝတ်ရခြင်း၏ ခံစားရသောအဖြစ်ကို ဦးပဉ္စင်းဦးဝီရသူက ယခုလို မိန့်ကြားသည်။
"ဆွမ်းခံကြွရတဲ့အခါ တန်းစီကြွရတော့ သူငယ်ချင်းတွေက ဝိုင်းကြည့်တာမျိုးဆိုရင် တော်တော်ခံစားရတယ်။ သူတို့နဲ့ကိုယ့်ဘဝ မတူတော့ဘူး။ ကျောင်းကြီးကိုလည်း လွမ်းတယ်။ ကိုယ်က ဒါတွေကို ထားရစ်ခဲ့ရတာကိုးး။ ကိုယ်စွန့်လွှတ်ခဲ့ရတာကို ပြန်လွမ်းတာပေါ့။ သူငယ်ချင်းတွေက လာမေးတယ်။ ဆုံးဖြတ်ချက်ချပြီးလို့သာ ငြင်းလိုက်ရတာ ဟာဒယက မဖြတ်သေးဘူးလေ။
ကျောင်းသားဘဝက မောင်ဝင်းခိုင်ဦးတွင် မေတ္တာမျှခဲ့သည့် ရည်းစားလည်း မရှိခဲ့ပေ။ သို့သော် မျက်လုံးချင်း စကားပြောသည့်အဆင့်လောက်တော့ ရှိခဲ့၏။ ရည်းစားစာလိုက်ပေးခြင်း စာပေးစာယူလုပ်ခြင်း စကားလိုက်ပြောခြင်းတို့တော့ မရှိခဲ့ဘူးဟု ဦးပဉ္စင်းက မိန့်ဆိုသည်။
"တရားဝင်ရည်းစားဖြစ်တာလည်း မရှိပါဘူး။ သေးသေးလေး ဘောင်းဘီတိုလေးနဲ့ ကျောင်းတက်ရတာ။ ကလေးဆိုတော့လည်း မေ့လွယ်ပျောက်လွယ်သဘောပါ။ စွဲစွဲလမ်းလမ်းမရှိပါဘူး"ဟု ဦးပဉ္စင်းဦးဝီရသူက မိန့်ကြားသည်။
ဦးပဉ္စင်းဦးဝီရသူ၏ ညီအကိုမောင်နှမရှစ်ဦးတွင် ညီဖြစ်သူနှစ်ဦးက သင်္ကန်းစည်းကြသေးသည်။ ဦးပဉ္စင်းနှင့်တစ်ပါးကျော် ကိုရင်မှာ ကိုရင်ဘဝဖြင့် အကြီးတန်းအထိ ရောက်ပြီးမှ လူထွက်လိုက်ခြင်းဖြစ်သည်။ ဦးပဉ္စင်းအောက်က နောက်တစ်ပါးမှာ ဉာဏ်မကောင်း။ စာမေးပွဲမအောင်။ ပါရမီမပါသဖြင့် လူထွက်ကာ အိမ်ထောင်ကျသွားသည်ဟု ဆို၏။
အရင်က စာကြီးပေကြီး မဖတ်ဖြစ်ခဲ့သည့် ဦးဝီရသူလျောင်းလျာသည် ကိုရင်ဘဝသို့ ရောက်သွားသောအခါတွင် စာကြီးပေကြီးများကို နေ့စဉ်လိုလို ဖတ်ဖြစ်ခဲ့တော့သည်။ ဦးပဉ္စင်းဘဝကို ပြောင်းလဲစေခဲ့သည့် စာအုပ်ကတော့ "ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ"ဆိုသည့် စာအုပ်ပင်ဖြစ်လေသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
                                     (အခန်း ၄)

ဦးပဉ္စင်းသည် ၁၉၈၅ တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ကျောက်ဆည်မြို့ ရွှေလှံထောင်ကျောင်းတွင် သီတင်းသုံးသည့် ဦးကြီးတော်ဘုန်းကြီး ဘဒ္ဒန္တပညာသာမိကို ဥပဇ္ဈာယ်ပြု၍ သီလရှင်ဆရာကြီး ဘွားမာလာထေရီ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သာသနာ့ဘောင်သို့ ဝင်ခဲ့ခြင်းဖြစ်သည်။
၁၂၅၀ ခုနှစ်(၁၉၈၈) ပထမဝါဆိုလဆုတ် ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့ ကျေးဇူးရှင် သက်တော်ရှည် လေသာဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇဝနကို ဥပဇ္ဈာယ်ပြု၍ မင်းရပ် ရပ်ကွက် ရဟန်းဒါယိကာမကြီး ဒေါ်မြချစ် (ထမင်းဆိုင်) မိသားစု၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရဟန်းတော်ဘဝသို့ ရောက်ရှိခဲ့လေသည်။
ထို့နောက် ၁၉၉၁ (၁၃၅၃ ခုနှစ်)တွင် ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှ မန္တလေးမြို့ မစိုးရိမ်တိုက်သို့ ရောက်ရှိခဲ့လေသည်။ ဦးပဉ္စင်းသည် ယခင်က အမျိုးသားရေးနှင့်ပတ်သက်၍ ဘာမျှမသိခဲ့။ လေ့လာခြင်းလည်း မရှိခဲ့။ သို့သော် မန္တလေးမြို့သို့ ရောက်သည့်အခါတွင် အမျိုးသားရေးစာပေများကို လေ့လာဖတ်ကြားခွင့် ရခဲ့သည်။
အထူးသဖြင့် မော်လဝီရွှေပြည် ရေးသားသည့် ၇၈၆ နှင့် ပတ်သက်သော ယောဂီစာတမ်းစာအုပ် ကောက်နုတ်ချက်များ ရွှေဒုံးဘီအောင် ရေးသားသည့် စာများ ပီမိုးနင်းရေးသည့် စာများ ဝံသာနုရက္ခိတက ထုတ်ဝေသည့် အမျိုးပျောက်မှာ စိုးကြောက်စရာ အစရှိသည့် စာပေများ ဖတ်ကြားလေ့လာခွင့်ရခဲ့သည်။
ဦးဝီရသူသည် အဆိုပါစာပေများကို လေ့လာဖတ်ကြားပြီးသည့်နောက်တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကို ဆောင်ရွက်ရန်အတွက် ယခုလို အတွေးပေါ်လေသည်။
"အဲ့ဒီနောက်မှာ ဦးဇင်းဘာလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို ခိုင်ခိုင်မာမာချနိုင်ခဲ့တယ်"ဟု ဦးပဉ္စင်းက မိန့်ကြားလေသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

                                        အခန်း(၅)

ထိုကဲ့သို့ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (သို့မဟုတ်) အမျိုးသားရေးဝါဒီစာအုပ်များကို ဖတ်ကြားလေ့လာပြီးသည့်နောက်တွင် ဦးပဉ္စင်းဦးဝီရသူသည် ဘုန်းကြီးကျောင်းများတွင် အမျိုးသားရေးတရားများ လှည့်လည်ကာ ဟောကြားလေတော့သည်။ အချိန်က ၁၉၉၇ ခုနှစ်။ ထိုစဉ်က မလွတ်လပ်သည့်ခေတ်ဖြစ်သည်။ စက်ပစ္စည်းများလည်း ရှားပါးသည့်ခေတ်ဖြစ်၍ တရားဟောရန် မိုက်ခရိုဖုန်း အလွယ်တကူမရှိ။ ထို့ကြောင့် မိမိ၏အသံကိုသာ အားပြု၍ ဟောခဲ့ ပြောခဲ့ရသည်။
ဦးပဉ္စင်းတို့သည် လူများများဖြင့် ဟောကြားနိုင်ရန်အတွက် နေရာတစ်ခု ရွေးလိုက်သည်။ နေရာကျယ်ကာ သံဃာများ အလွယ်တကူလာနိုင်သော မန္တလေးသင်္ချိုငိးုကုန်းကို ရွေးလိုက်ကြ၏။ ဦးပဉ္စင်းတို့သည် ညနေ ၆ နာရီလောက်ဆိုလျှင် သင်္ချိုင်းဘက်သို့ ထွက်လာကြသည်။ တရားဟောပြောခြင်းကို ည ၈ နာရီမှ ည ၁၀ နာရီအထိ ဟောကြသည်။
ယင်းသို့ လိုက်ဟောကြသည်မှာ ဦးပဉ္စင်းဦးဝီရသူအပါအဝင် ဦးပဉ္စင်းလေးငါးပါးခန့်ဖြစ်သည်။ ထိုတရားများ ဟောကြားရန်အတွက် လူအသိမခံဘဲ မျက်နှာဖုံးတပ်ကာ ဟောကြားခဲ့ရသည်။ မျက်နှာတစ်ခုလုံးကို သင်္ကန်းပတ်လိုက်သည်။ ပါးစပ်တစ်ခုတည်းသာ ဖွင့်ထားသည်။ မျက်လုံးကိုလည်း အနက်ရောင် နေကာမျက်မှန်တပ်ကြသည်။ ထို့ကြောင့် တရားပွဲသာ ပြီးသွားသည် ဘယ်ဘုန်းကြီး ဟောသွားသည်ကို မသိလိုက်ကြ။
ထို့စဉ် ဟောခဲ့ရသည့် ဖြစ်စဉ်ကို သဘောကျရယ်မောလျက် ဦးဝီရသူက ယခုလို ပြန်လည်မိန့်ကြားသည်။
"သံဃာ လေးငါးရာ မိုက်မပါဘဲ အော်ရတာ။ လက်ခုပ်သြဘာသံကတော့ တဖြောင်းဖြောင်းပဲ။ နောက်က လူတွေကလည်း ရှေ့ကလူတွေတီးရင် သူတို့လည်း ဘာမှမသိဘူး လိုက်တီးကြတယ်။ ဟား . . . ဟား. . .ဟား"
ထိုသို့ ဟောကြားသည့်အခါတွင် ဦးပဉ္စင်းတို့သည် တစ်ပါး၏ဘွဲ့အမည်ကို တစ်ပါးက မခေါ်ဖို့ စည်းကမ်းသတ်မှတ်ထားရသည်။ တစ်ပါးကိုတစ်ပါး ခေါ်ဆိုမည်ဆိုပါက နာမည်ဝှက်များဖြင့် ခေါ်ခဲ့ကြသည်။ ဦးပဉ္စင်းဦးဝီရသူ၏ နာမည်မှာ "မျိုးချစ်သူ" ဖြစ်၏။ အလားတူ အခြားသော ကိုယ်တော်များ၏ အမည်ကိုလည်း "မျိုးချစ်ဦး" "မျိုးချစ်အောင်" "မျိုးချစ်ကို " စသဖြင့် နာမည်ဝှက်များ ပေးထားကြသည်။ နာမည်ခေါ်ဆိုမည်ဆိုလျှင် "မျိုးချစ်ဦး ရှိလား။ ရှိ" လို့ ပြန်ထူးရသည်။ ကျောင်းတိုက်ကိုလည်း ထုတ်မပြောရ။ ထိုနည်းတို့ဖြင့် ထောက်လှမ်းရေးများ ခြေရာခံလို့မရ စုံစမ်းလိုမရအောင် ပရိယာယ်သုံးခဲ့ရသည်။
မန္တလေးမြို့၊သင်္ချီုင်းကုန်းတွင် ဟောပြောသည့်တရားပွဲ ပေါက်သွားသည့်အခါတွင် အမရပူရမြို့က ထပ်မံဖိတ်ခေါ်သည်။ ထို့ကြောင့် ဦးပဉ္စင်းတို့သည် အမရပူရရှိ သင်္ချီုင်းကုန်းသို့ ထပ်မံကြွရောက် ဟောပြောခဲ့ရသေးသည်။ ထိုသင်္ချီုင်းကုန်းမှာတော့ အုတ်ဂူများရှိသည်။ ထိုအုတ်ဂူများပေါ်တက်ကာ တရားဟောကြားခဲ့ကြသည်။ နားထောင်ကြသူများကလည်း အုတ်ဂူများပေါ် တက်နားထောင်ကြလေသည်။
လာရောက်နားထောင်ကြသူများမှာ သံဃာတော်များသာ ဖြစ်ကြသည်။ လူပုဂ္ဂိုလ်များ မလာရဲ။ လူတွေ လာနားထောင်မည်ဆိုပါကလည်း ရဲသတင်းပေးအဖြစ် အထင်ခံရမည်စိုးသောကြောင့် မလာရဲဖြင်းဖြစ်၏။ ဦးပဉ္စင်းတို့ ဟောကြားခဲ့သည့် တရားများက အမျိုးသားရေးတရားများသာ ဖြစ်ကြသည်။ ထိုအချိန်က ထိုတရားများကို (အစ္စလာမ်ဘာသာဝင်များအကြောင်း) ဟောပြောခွင့်မရှိ။
"ပွဲကြီးပွဲကောင်းနှစ်ပွဲ ဟောခဲ့တယ်။ စာသင်သားဘဝပဲ ရှိသေးတာ။ သံဃာတွေရဲ့ ထောက်ခံမှုကိုတော့ ရနေပြီ။ အဲ့ဒီတုန်းက ဦးဇင်းတရားနားထောင်ဖူးတဲ့သူတွေက အခု နိုင်ငံကျော်ဓမ္မကထိကတွေ ဖြစ်နေပြီ"ဟု ဦးဝီရသူ မိန့်ကြားသည်။
သူ့အနေဖြင့် စာသင်သားဘဝဖြင့် ထိုသို့ အမျိုးသားရေးတရားများကို ဟောကြားနိုင်ခြင်းမှာ စာဖတ်ထားသည့်အရှိန်နှင့် သူ၏အတွေ့အကြုံလေ့လာထားရှိမှုကြောင့်ဟု ဦးဝီရသူ ပြောသည်။ အမျိုးသားရေးတရားများ ဟောကြားနိုင်ရန်အတွက်လည်း သူ့တွင် သာဓကများစွာရှိသည်ဟု ဆိုသည်။
ဦးဝီရသူအနေဖြင့် ထိုသို့ ဟောကြားမှုများ ပြုခဲ့သော်လည်း အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကို မခံခဲ့ရပေ။ သို့သော် ဦးပဉ္စင်း၏ ဆရာတော်ကြီးမှာ မန္တလေးတိုင်း သံဃမဟာနာယကတွင် ဒုဥက္ကဋ္ဌဖြစ်လေသည်။ ထို့ကြောင့် ဆရာတော်ကြီးက ဆက်လက်မဟောရန် တားမြစ်ခဲ့သည်။ ဆက်လက်ဟောပြောနေမည်ဆိုပါက ကျောင်းတိုက်မှ နှင်ထုတ်မည် ရိုက်ထုတ်မည်ဟု ငေါက်လိုက်သဖြင့် ဦးပဉ္စင်းမှာ အမျိုးသားရေးတရားများကို ဆက်မလုပ်ရဲတော့။
"ဆရာတော်ကြီးတွေမှန်သမျှ ဒီစိတ်ရှိတယ်ဗျ။ မရှိတဲ့ ဆရာတော် မတွေ့ဖူးဘူး။ သဘောတူတယ်။ သို့သော်လည်းပဲ အဖမ်းခံရမှာ စိုးရိမ်တာ စာမပြီးပဲ ထောင်ထဲရောက်သွားမှာ စိုးရိမ်လို့။ ဦးပဉ္စင်းက လူငယ်ဆိုတော့ ခပ်မိုက်မိုက်လုပ်တယ်။ အဲဒါတွေကို သူတို့က မကြိုက်ဘူး။ နူးညံ့ပျော့ပျောင်းတဲ့နည်းနဲ့ လုပ်စေချင်တယ်"ဟု ဦးဝီရသူက မိန့်ကြား၏။
ထို့ကြောင့် ဦးဝီရသူသည် အထက်ပါ ပွဲနှစ်ပွဲကို ဟောကြားပြီးသည့်နောက် ဆရားတော်ကြီးမှ တားသဖြင့် ဆက်မလုပ်တော့ပေ။ သူ၏ဘဝကို စာထဲတွင်သာ နှစ်ထားခဲ့ပြီ ဓမ္မာစရိယဘွဲ့ရဖို့အတွက်ကိုသာ ကြိုးစားခဲ့တော့သည်။ အဆိုပါဘွဲ့ရဖို့အတွက် ဖြေဆိုရသည့်စာမေးပွဲကို သကျသီဟဓမ္မာစရိယလို့ လူသိများကြသည်။ ဆရာတော်ကြီးများကပင် ယင်းစာမေးပွဲကို လူသတ်ပွဲဟု သတ်မှတ်ကြသည်ဟု ဦးဝီရသူက မိန့်သည်။
"ပုစ္စာထုတ်တဲ့ ဆရာတော်ကြီးတွေရဲ့ အာဘော်နဲ့ အိုင်ဒီယာကို ဖမ်းနိုင်မှ အောင်တာ။ အဲ့ဒီတော့ ဆရာတော်ကြီးတွေရဲ့ အရည်အချင်းတွေလို နင်လား ငါလားရှိရမယ်။ ဆရာတော်ကြီးတွေနီးပါးလောက် စာမြင့်မှ အောင်တာ။ ဒီအဆင့်မအောင်သူတွေက လူထွက်သူက ထွက် ကိုယ့်ကိုကိုယ် သတ်သေတဲ့လူတွေက သေပေါ့။ ဒါကြောင့် လူသတ်ပွဲလို့ သတ်မှတ်တာ"ဟု ဦးဝီရသူက မိန့်ကြားသည်။
အဆိုပါ စာမေးပွဲကို ဦးပဉ္စင်းဦးဝီရသူ ပါဝင်ဖြေဆိုခဲ့လေသည်။ ၁၉၉၉ အဘိဓမ္မာစာမေးပွဲအောင်စာရင်း ထွက်သည့်အခါတွင် တစ်နိုင်ငံလုံးတွင် သံဃာခြောက်ပါးသာ အောင်မြင်ခဲ့သည်။ ထိုသံဃာခြောက်ပါးတွင် ဦးဝီရသူအပါအဝင် မစိုးရိမ်တိုက်မှ သံဃာသုံးပါး အောင်မြင်ခဲ့၏။ အားလုံးထဲမှာ ဦးဝီရသူက အမှတ်အများဆုံးနှင့် ပထမရကာ အောင်မြင်ခဲ့ခြင်းဖြစ်လေသည်။
"လူတွေ အသိအမှတ်ပြုနိုင်လောက်တဲ့ ဂုဏ်ထူးတစ်ခုတော့ ရသွားတာပေါ့။ စာရေးဦးတော့ ဒီဘွဲ့လေးရှိတော့ စာဖတ်ပရိသတ်ရှိတယ်။ တရားဟောလည်း တရားနာပရိသတ်ခန့်တာပေါ့"ဟု ဦးပဉ္စင်းက ရှင်းပြသည်။
ဦးပဉ္စင်းသည် တခြားစာမေးပွဲများကို ဆက်၍မဖြေတော့ဘဲ သူ့အားသန်သည့် စာချခြင်းဘက်သို့ ရွေးချယ်ခဲ့သည်။ စာတွေရေးမည်။ တရားတွေဟောမည်။ မန္တလေးနှင့် အမရပူရ မန္တလေးနှင့် အမရပူရရှိ သင်္ချီုင်းကုန်းတွင် မျက်နှာဖုံးစွပ်ကာ ဟောကြားခဲ့သော အမျိုးသားရေးတရားများကို ပလ္လင်ပေါ်မှတစ်ဆင့် ဆက်လက်ဟောကြားမည်ဖြစ်၏။
- - - - - - - - - - - - - -
                                    အခန်း - ၆
ဆရာတော်ဦးဝီရသူ၏ မူရင်းကလောင်နာမည်မှာ ''ဝီရသူရ'' ဖြစ်သည်။ ''ဝီရ''၏ အဓိပ္ပါယ်မှာ လုံ့လဝီရိယရှိသူ ရဲရင့်တည်ကြည်သူဟု အဓိပ္ပါယ်ရလေသည်။ "သူရ"၏ အဓိပ္ပါယ်မှာလည်း ရဲရင့်သူ ဟူ၏။ "ဝီရသူရ"ဟု နှစ်ခုပေါင်းလိုက်သောအခါ ရဲရင့်သူတို့ထက် ရဲရင့်သူဟု အဓိပ္ပါယ်ရလေသည်။ သို့သော် ခေါ်ရပြောရလွယ်စေရန် နောက်ဆုံးရကောက်ကို ဖြုတ်ကာ "ဝီရသူ"ဟု ပြောင်းလဲထားခြင်း ဖြစ်၏။
ဦးပဉ္စင်းသည် ဗုဒ္ဓဟူးသားဖြစ်သည့်အတွက် ဗုဒ္ဓဟူးနှင့်လိုက်ဖက်မည့် နေ့နံများကို စာဖတ်ရင်းဖြစ်စေ သွားရင်းလာရင်းဖြစ်စေ အမြဲလိုလို လေ့လာသည်။ ထို့စဉ် မဟာဝီရမြတ်ဗုဒ္ဓနှင့် နမောတေဗုဒ္ဓဝီရတုဆိုသည့် ဂါထာတော်မှတစ်ဆင့် ဝီရသူဆိုသည့် နာမည်ကို ရှာဖွေရရှိခဲ့ခြင်းဖြစ်သည်။
သူသည် ထိုနာမည်ကို ကျောက်ဆည်မှ မန္တလေးသို့ ပြောင်းရွှေ့ခဲ့စဉ်ကပင် သုံးစွဲနေပြီဖြစ်သည်။ သူအသုံးပြုသည့် ဗလာစာအုပ်များတွင် သူ၏ ဘွဲ့နာမည်ကို မရေးပဲ "ကလောင် ဝီရသူ (မစိုးရိမ်)"ဟုသာ ရေးသည်။ သို့သော် မည်သည့် စာတစ်ပုဒ် ဆောင်းပါးတစ်ပုဒ်မှ ပုံနှိပ်ဖော်ပြခံရခြင်း မရှိသေး။ သူ၏ အပြုအမူတွေကိုတွေ့သော အခြားရွယ်တူကိုယ်တော်များက စာရေးဆရာရောဂါ ဖြစ်နေပြီဟု စကြနောက်ကြသည်။ တချို့က သရော်ကြသည်။ အရူးလို့ ဆိုကြသူများလည်း ရှိလေ၏။
ိသို့သော် "ဝီရသူ"ဆိုသည့် နာမည် ထင်ရှားလာဖို့အတွက် အကြောင်းက ဖန်လာလေသည်။ ဦးပဉ္စင်းဝီရသူ၏ မူလရဟန်းဘွဲ့နာမည်မှာ ဘဒ္ဒန္တဝိစိတ္တဖြစ်သည်။ သကျသီဟဓမ္မစရိယ အောင်မြင်ခဲ့သဖြင့် ဘဒ္ဒန္တဝိစိတ္တဘိဝံသ ဖြစ်လာခဲ့သည်။ ထိုစာမေးပွဲအောင်သည့်နှစ် (၁၉၉၉)မှာပင် ဦးပဉ္စင်းသည် ဘာသာရေးစာအုပ်တစ်အုပ် ရေးသားခဲ့လေသည်။ စာအုက်၏အမည်က "တရားထိုင်ခြင်း ငိုရယ်ခြင်းအကြောင်း"ဟူ၏။
စာအုပ်၏ အဓိက အကြောင်းအရင်းမှာ တန့်ကြည်တောင်ဆရာတော်ကြီး၏ အမှားလေးချက်ကို ရေးသားထားခြင်းဖြစ်သည်။ တန့်ကြည်တောင်ဆရာတော်ကြီးက တရားထိုင်ပါက ငိုလျှင် ရယ်လျှင် တရားရသည်ဆိုကာ လွတ်လွတ်လပ်လပ် ငိုခိုင်း ရယ်ခိုင်းသည်ဟု ဦးဝီရသူက ဆိုသည်။ စိတ်ရှိလက်ရှိ ငိုခွင့်ပေးသည် ကခွင့်ပေးသည်ဟု ဆိုသည်။
ဝိပဿနာနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ ဘုရားရဲ့တရားတော်က ငိုတဲ့သူ အငိုတိတ်တယ်။ ရယ်တဲ့သူ အရယ်ရပ်တယ်။ငိုတာ ရယ်တာ တရားထူးလို့ ဟောတယ်ဆိုတော့ ဦးဇင်းက နာမည်နဲ့တကွ ထည့်ရေးတာဟု ဆရာတော်က စာအုပ်ဖြစ်ရခြင်းအကြောင်းကို ရှင်းပြသည်။
သို့သော် စာအုပ်ထုတ်ဝေခွင့်ကို သာသနာရေးဌာနက ခွင့်မပြုခဲ့။ ထို့ကြောင့် ဦးပဉ္စင်းကိုယ်တိုင် သာသနာရေးဌာနသို့ သွားကာ ဆရာတော်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးပဉ္စင်း၏ ဆွေးနွေးပြောဆိုချက်များကို ဆရာတော်ကြီးများက ပြန်လည်မချေပနိုင်။ သို့တိုင် စာအုပ်ထုတ်ဝေခွင့်ကိုတော့ ခွင့်မပြုခဲ့။
နောက်ဆုံးတွင် ဦးပဉ္စင်းသည် ခုနှစ်နှစ်ကြာ လေ့လာရေးသားခဲ့ရသည့် ယင်းစာအုပ်ကို ထုတ်ဝေရန် ဆုံးဖြတ်လိုက်တော့သည်။ ရန်ကုန်မြို့၊ ဝင်္ကပါလမ်းရှိ စာပေစိစစ်ရေးသို့သွားကာ အဆိုပါရုံးမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ အရာရှိများက ယင်းစာအုပ်ကို ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေမည်ဆိုပါက ထောင်ခုနှစ်နှစ်အထိ ကျခံရမည်ဟု ပြန်ပြောလိုက်သည်။ "ကျုပ်ကလည်း ထောင်ကျခံနိုင်တယ်"ဟု ပြောပြီး စာအုပ်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ရန် စီစဉ်ခဲ့သည်ဟု ဦးဝီရသူက ဆိုသည်။
စာအုပ်ထုတ်ရန် စီစဉ်ခဲ့စဉ်က စာအုပ်ကို လေးလေးနက်နက် ခန့်ခန့်ညားညားဖြစ်ရန်အတွက် ဘဒ္ဒန္တဝိစိတ္တဘိဝံသဆိုသည့် ဘွဲ့အမည်တပ်ခဲ့သည်။ သို့သော် ယင်းအမည်သည် ရေးသည့်အကြောင်းအရာနှင့် ဓါတ်မတည့်သောကြောင့်လား မပြောတတ် အလုပ်မဖြစ်ခဲ့။ ထို့ကြောင့် စာအုပ်နာမည်နှင့် ကလောင်အမည်ကိုပါ ပြောင်းလိုက်၏။
"စာအုပ်ထုတ်တော့ ကလောင်အမည်ကို ' ဝီရသူ ' လို့ ပြောင်းလိုက်တယ်။ စာအုပ်နာမည်ကိုလည်း ' ထေရဝါဒတိုက်ပွဲ ' လို့ တပ်လိုက်တယ်။ အဲဒါကို အုပ်ရေ နှစ်ထောင်ရိုက်လိုက်တာ လေးရက်အတွင်းပြတ်သွားတယ်"ဟု ဆရာတော်က မိန့်သည်။
ယင်းစာအုပ်များကို စာအုပ်ဆိုင်ပေါ်တွင် တင်ကာ ရောင်းချခဲ့ခြင်းမဟုတ်။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် ချရောင်းခဲ့ခြင်းဖြစ်သည်။ လေးရက်အတွင်း စာအုပ်နှစ်ထောင် ကုန်သွားသောအခါ နောက်ထပ် အုပ်ရေတစ်သောင်း ထပ်မံရိုက်နှိပ်ခဲ့သည်။ တစ်ညနေတည်း အုပ်ရေ ၅၀၀၀ ပြတ်သွားသည်ဟု ဆိုသည်။ ထိုစဉ်က စာအုပ်ရောင်းချခဲ့ရပုံကို ဦးဝီရသူက "ရုပ်ရှင်လက်မှတ် တိုးသလိုပဲ"ဟု ရယ်မောလျက် မိန့်တော်မူသည်။
ဆရာတော်ဦးဝီရသူက သူရွေးချယ်ထားသော ကလောင်အမည်နှင့် စာအုပ်ထုတ်လိုက်သည့်အခါ အရောင်းစွံကာ နာမည်ပေါက်ခဲ့သည့်အကြောင်းကို ဆက်၍ "အဲ့ဒီမှာ ဝီရသူဆိုတဲ့ ကလောင်အမည် ဖြစ်သွားတာ။ အဲဒီစာအုပ်ကို တစ်သာသနာလုံးမှာရှိတဲ့ သံဃာတော်တွေက လေးစားကြတာ။ ဝီရသူဆိုရင် သူတို့က ထေရဝါဒတိုက်ပွဲနဲ့ တွဲမြင်ကြတယ်"ဟု မိန့်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဆက်လက်ဖော်ပြပေးပါဦးမည်။

ဒီ " တစ်ကမ္ဘာလုံးနှင့် တစ်ယောက် " စာအုပ်ကို ဖတ်ဖူးပြီးသူလည်း ရှိကြသည်၊ မဖတ်ရသေးသူများလည်း များစွာ ရှိသည် ။ မိမိ ဖတ်ဖူးတယ်ဆိုရင် မဖတ်ရသေးသူများအတွက် Share လုပ်ပေးကြပါ ။
Powered by Blogger.