တစ်ကမ္ဘာလုံးနဲ့တစ်ယောက် (အခန်း-၂)


တစ်ကမ္ဘ္ဘာလုံးနဲ့တစ်ယောက် (အခန်း-၂)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဦးပဉ္ဇင်းကို ၁၉၆၈ ဇွန် ၂၆ ရက်တွင် ကျောက်ဆည်မြို့ရှိ ဆေးရုံကြီးတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငယ်နာမည်က ဝင်းခိုင်ဦး။ ဖခင်မှာ ဦးခင်မောင်ဝင်းဖြစ်ပြီး မိခင်မှာ ဒေါ်တင်တင်ဦး ဖြစ်၏။ မွေးချင်းမောင်နှမ ရှစ်ယောက်ရှိသည့်အနက် ဦးပဉ္စင်းမှာ ဒုတိယမြောက်သားဖြစ်သည်။ ဦးပဉ္စင်း၏ဖခင် ဦးခင်မောင်ဝင်းမှာ ဧရာဝတီတိုင်း ကျုံမငေးမြို့ဇာတိဖြစ်သည်။ စက်မှုလယ်ယာဌာနတွင် အစိုးရဝန်ထမ်းဖြစ်ကာ လယ်ထွန်စက်မောင်းသူတစ်ဦးဖြစ်၏။ ဦးခင်မောင်ဝင်းသည် ကျောက်ဆည်မြို့သို့ ပြောင်းရွှေ့ခဲ့စဉ် ဒေါ်တင်တင်ဦးနှင့် အိမ်ထောင်ကျကာ မောင်ဝင်းခိုင်ဦးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

သူ့ကို မွေးဖွားပြီးနောက် ဧရာဝတီတိုင်း ကျုံမငေး မြောင်းမြ ဝါးခယ်မ စသည့်မြို့များသို့ ထပ်မံပြောင်းရွှေ့ခဲ့ရာ သူ၏ညီနှင့် ညီမများကို ယင်းမြို့များတွင် မွေးဖွားခဲ့သည်။ ထို့ကြောင့် မောင်ဝင်းခိုင်ဦးကိုယ်တိုင်လည်း မြောင်းမြမြို့တွင် သူငယ်တန်းတစ်နှစ် နေခဲ့ဖူးလေသည်။ ယင်းနောက် ဦးခင်မောင်ဝင်းသည် အစိုးရဝန်ထမ်းမှ အနားယူကာ အခြေချနေထိုင်ဖို့အတွက် ကျောက်ဆည်မြို့သို့ အပြီးပြောင်းရွှေ့လာခဲ့တော့သည်။

ဝန်ထမ်းဘဝတွင် မိသားစုစီးပွားရေး ချောင်ချောင်လည်လည်ရှိသော်လည်း အငြိမ်းစားယူသည့်အချိန်တွင် မိသားစုဦးရေ ၁၀ ဦးအထိ ရှိလာသောကြောင့် စားအိုးကကြီးလာသဖြင့် ကျောက်ဆည်ရောက်သည့်အချိန်တွင် မိသားစုစီးပွားရေးက ကျပ်တည်းကာနေသည်။ ထိုအချိန်တွင် ဦးခင်မောင်ဝင်းသည် ကြုံရာကျပန်းလုပ်ကာ မိသားစုကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

" အဖေက ဆိုက္ကားနင်းတယ်။ ရေစည်လှည်းတွန်းတယ်။ ဦးဇင်းက အဖေ့ကို ဝိုင်းကူရတယ် "ဟု ငယ်စဉ်အချိန်က မိသားစုစီးပွားရေးအခြေနေကို ဦးပဉ္စင်းဝီရသူက ပြောပြသည်။

မောင်ဝင်းခိုင်ဦးကျောင်းသားဘဝ တစ်တန်းမှရှစ်တန်းအထိ ဖခင်အား ထိုသို့ဝိုင်းကူပေးရခြင်းဖြစ်လေသည်။ ထို့ကြောင့်လည်း ကျောင်းသားဘဝတွင် ပိုက်ဆံရှိသောသူတို့၏ သားသမီးများကဲ့သို့ ကျူရှင်တက်ရခြင်း ကျောင်းစာကို အချိန်ပေးစာကျက်နိုင်ခြင်းစသည့် အခွင့်ရေးတို့ ဆုံးရှုံးခဲ့သည်ဟု ဦးပဉ္စင်းက မိန့်သည်။

ငယ်စဉ်က မောင်ဝင်းခိုင်ဦးဖြစ်ချင်သည့်အရာက စာရေးဆရာပင်ဖြစ်သည်။ စာရေး စာဖတ်လည်း ဝါသနာပါခဲ့သည်။ ထို့ကြောင့်လည်း ကျောင်းသားဘဝက စာစီစာကုံးပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုများပင် ရခဲ့ဖူးသည်။ ကျောင်းထဲတွင် စာစီစာကုံးရေးသားခြင်း၌ နာမည်ကြီးခဲ့သည်။ ချီးကျူးခြင်းခံခဲ့ရသည်။ ထိုစဉ်က ရေးသားခဲ့သည့် အကြောင်းအရာများမှာ မိသားစုအကြောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ ဖြစ်လေသည်။

မိသားစုအကြောင်းကို ရေးဖွဲ့ရာတွင် လွမ်းအောင်ရေးဖွဲ့နိုင်ခဲ့သည်။သို့သော် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွင် အရေးသားကောင်းသော်လည်း အချက်အလက်သိပ်မရှိသဖြင့် ငွေကြေးတတ်နိုင်သည့် ပညာတတ်အသိုင်းအဝိုင်းက ကျောင်းသူကျောင်းသားများနှင့် မယှဉ်နိုင်ဟု သူက ဆိုသည်။ ထို့ကြောင့် ခြောက်တန်း ခုနှစ်တန်းကျောင်းသားဘဝကတော့ စာစီစာကုံးပြိုင်ပွဲများတွင် ဆုမရခဲ့တော့ပေ။

မောင်ဝင်းခိုင်ဦး နှစ်တန်းကျောင်းသားဘဝက မှတ်မှတ်ရရဖြစ်ခဲ့တာ တစ်ခုရှိ၏။ ကျောင်းသို့ မြို့နယ်ပညာရေးမှုးကဲ့သို့သော လူကြီးများ လာရောက်စစ်ဆေးသည့်အခါ ကျောင်းသားများကို အထွေထွေဗဟုသုတမေးခွန်းများ မေးတတ်ကြသည်။ ယင်းသို့ မေးသည့်အခါတွင် မောင်ဝင်းခိုင်ဦးမှလွဲ၍ သုံးတန်း လေးတန်းကျောင်းသားများလည်း မဖြေနိုင်တာမျိုး ကြုံခဲ့ဖူးသည်။ လူကြီးများက " မဖြေနိုင်လည်း ရတယ်။ ဘာမှ စိတ်အားမငယ်နဲ့ "ဟုဆိုကာ ဗဟုသုတများ မေးခြင်းဖြစ်သည်။

ထို့စဉ်က မေးခွန်းများ အမေးခံရ၍ ပြန်လည်ဖြေကြားခဲ့ပုံကို ဦးပဉ္စင်းက ယခုလို ပြန်လည်မိန့်ကြားသည်။

" အုပ်ချုပ်တဲ့အစိုးရရဲ့ ပါတီနာမည်မေးတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မ့ဆ့လပါတီ)။ သူ့အောက်မှာ ဘယ်လိုအရန်အင်အားတွေရှိလဲ။ လမ်းစဉ်လူငယ် တေဇလူငယ် ရှေ့ဆောင်လူငယ်။ ပါတီဥက္ကဋ္ဌ ဘယ်သူလဲ။ ဦးနေဝင်းပါ "

ယင်းသို့ပြန်လည်ဖြေကြားနိုင်ခြင်းမှာ မှတ်ဉာဏ်က သူလိုကိုယ်လိုဖြစ်သော်လည်း ပိုမိုကြိုးစားခြင်းနှင့် စာဖတ်ဝါသနာပါကာ စာကို ပိုမိုဖတ်ရှုခြင်းကြောင့်ဟု ဦးပဉ္စင်းက မိန့်ဆိုသည်။ ထို့အပြင် ကျောင်းနှင့်အိမ်သို့ သွားသည့်လမ်းတွင်လည်း မ့ဆ့လပါတီရုံးကို နေ့စဉ်မြင်နေရခြင်းကြောင့်လည်းဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဆက်လက်ဖော်ပြပါမည်။
မြနန်းဆရာတော်facebook pageမှ ကူးယူဖော်ပြပေးသည်။
Powered by Blogger.