လူတော်တော်များများ မူမမှန် လိင်စိတ် ရှိနေဟု သုတေသီတို့ဆို

ဆန့်ကျင်ဘက်လိင်ကို ချောင်းကြည့်ခြင်း၊ ဆန့်ကျင်ဘက်လိင်၏ အတွင်းခံ အ၀တ်အစားတွေ နှစ်သက်ခြင်း၊ အသား နာကျင်အောင် လုပ်ခြင်းဖြင့် လိင်စိတ်အရသာ ခံစားခြင်း စသော အပြုအမူ များသည် စိတ်ပညာ ဆရာဝန်တို့ လက်စွဲ စာအုပ်တွင် မူမမှန် လိင်စိတ်အဖြစ် သတ်မှတ် ထားသည်။
သို့သော် ယနေ့ လူ အများစုသည် မူမမှန် လိင်စိတ်တစ်မျိုး မဟုတ် တစ်မျိုးရှိနေ ကြသည်ဟု ကနေဒါ သုတေသန တစ်ခုက ဖော်ပြ လိုက်သည်။

ကနေဒါနိုင်ငံ၊ ကွီးဘတ် ပြည်နယ်တွင် လူ(၁၀၄၀) ဦးကို လိင်ဆိုင်ရာ သဘောထား မေးမြန်း ထားခြင်း ဖြစ်သည်။ စိတ်ပညာ ဆရာဝန် တို့၏ လက်စွဲ စာအုပ်တွင် မူမမှန် လိင်စိတ် အပြုအမူဟု ဖော်ပြ ထားသည့် ရှစ်မျိုးကို စာရင်း ဖော်ပြကာ ထိုရှစ်မျိုးထဲက မည်မျှထိ မိမိစိတ်မှာ ဖြစ်ဖူးသနည်းဟု မေးမြန်းသည်။ ရှစ်မျိုးမှာ ဆန့်ကျင်ဘက်လိင်၏ အတွင်းခံ အ၀တ်အစားကို စွဲလန်းခြင်း၊ ဆန့်ကျင်ဘက် လိင်၏ အ၀တ်အစား များကို ယူ ၀တ်ဆင်ခြင်းဖြင့် လိင်စိတ်သာယာမှု ယူခြင်း၊ ဆန့်ကျင်ဘက်လိင် ရေချိုးနေစဉ်မျိုး အ၀တ်အစားလဲနေ စဉ်မျိုး မှာ ချောင်းကြည့်ခြင်း၊ မိမိ လိင်အင်္ဂါကို သူများ မြင်အောင် တမင်ပြခြင်း၊ မိမိ လိင်အင်္ဂါဖြင့် အခြားသူ များကို ပွတ်သပ်ပြီး မထိတထိ လုပ်ခြင်း (ကားကျပ်ကျပ် ရထား ကျပ်ကျပ်များ ပေါ်တွင် ဖြစ်ပွားခြင်းမျိုး)၊ ကလေးများကို လိင်စိတ်ဖြင့် ဆက်ဆံခြင်း၊ မိမိကိုယ်ကိုယ် နာကျင်အောင် လုပ်ခြင်းဖြင့် လိင်စိတ် အရသာ ခံစားခြင်း၊ သူများကို နာကျင်အောင် လုပ်ပြီး လိင်စိတ်အရသာ ခံစားခြင်းဟူ၍ ဖြစ်သည်။

အနည်းဆုံး တစ်ချက်နဲ့တော့ ကိုက်ညီသည်ဟု ဖြေဆိုသူက စစ်တမ်း ဖြေသူ၏ ထက်ဝက်နီးပါး ရှိကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှု စစ်တမ်း အသေးစိတ်ကို Sexual Research ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။ သုံးပုံတစ်ပုံခန့်ကလည်း အထက်ပါ စိတ်ရှစ်မျိုး အနက် တစ်မျိုးမျိုးတော့ သူတို့မှာ ရှိနေကြောင်း ၀န်ခံထား ကြသည်။

ဆန့်ကျင်ဘက်လိင် ရေချိုးနေစဉ်မျိုး အ၀တ်အစားလဲ နေစဉ်မျိုးမှာ ချောင်းကြည့်ချင် စိတ်မျိုး ဖြစ်မိသည်ဟု ဖြေသူက စစ်တမ်း ဖြေသူ၏ သုံးပုံတစ်ပုံကျော် ရှိသည်။ အသားချင်း ထိပြီး အသားယူချင် စိတ်မျိုး ဖြစ်မိသည်ဟု ဆိုသူ ကလည်း (၂၆) ရာခိုင်နှုန်း ရှိသည်။ အသားနာကျင် အပြစ်ပေးခံရသော နည်းဖြင့် လိင် စိတ်အရသာ တွေ့သူ ကလည်း (၁၉) ရာခိုင်နှုန်း ရှိနေသည်။

လူတော်တော် များများက ကိုယ့်ရဲ့ လိင်စိတ် အခြေအနေကို ၀န်ခံရမှာ ရှက်တတ်ကြတယ်။ တကယ် ဆိုရင် လူအများစုကြီးဟာ ပုံမှန်လို့ သတ်မှတ်ထားတဲ့ လိင်စိတ် ဘောင်ပြင်ဘက်ကို ရောက်နေကြတယ် ဆိုတာ အခုစစ်တမ်းက သက်သေခံနေ ပါတယ် ဟု နယူးယောက်မှ လိင်စိတ်စံလွဲမှု ဆိုင်ရာ ကျွမ်းကျင် ပညာရှင်မိုက်ကယ် အာရွန်က ပြောသည်။

Source : The Messenger
Powered by Blogger.